ပြည်တွင်းစားသုံးသူတို့အတွက် ပြည်တွင်းစားသောက်ကုန်ဈေးကွက်

မိမိတို့နိုင်ငံတွင် ဗဟိုဦးစီးစနစ်ကိုကျင့်သုံးသည့် စီမံကိန်း စီးပွားရေး ခေတ်ကာလက ပတ်ဝန်းကျင်နိုင်ငံများမှ မှောင်ခို တင်သွင်းသည့် လူသုံးကုန်၊ စားကုန်၊ သောက်ကုန်များကို ဈေးကြီး ပေးကာ ဝယ်ယူသုံးစွဲခဲ့ကြရဖူးသည်။ ထိုခေတ်တွင် ပြည်တွင်းရှိ နိုင်ငံပိုင် စက်ရုံ အလုပ်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်၊ အိမ်သုံးကုန်ပစ္စည်းများမှာ အရည်အသွေးကောင်း လူကြိုက်များ သည့် ပစ္စည်းများမှာ လိုချင်သလောက် မရ၊ လိုသလောက်ဝယ်ယူ နိုင်သည့် ပစ္စည်းများဆိုလျှင် အရည်အသွေးညံ့၊ သုံးစွဲသူများ အကြိုက်မတွေ့။ တစ်ခါတစ်ရံ မိမိဝယ်လိုသည့် ပစ္စည်းတစ်မျိုးကို ဝယ်ယူလိုပါကလည်း အခြား လူသုံးနည်း ရောင်းမစွံသည့် ပစ္စည်း တစ်မျိုးမျိုးကိုပါ တွဲ၍ ဝယ်ယူရတတ်သည်။

ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလာခဲ့ပြီးသည့်နောက် ပုဂ္ဂလိက ကုန်ထုတ်လုပ်ငန်းများကိုပါ အားပေးလာသည့်ခေတ် သို့ ရောက်သည့်အခါတွင် တစ်ခေတ်တစ်ခါက မှောင်ခိုတင်သွင်း ခဲ့ရသည့် စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း စသည် တို့ကို ပြည်တွင်း၌ ထုတ်လုပ်လာနိုင်သည်။ ပြည်တွင်း၌လည်း သုံးစွဲမှု အထိုက်အလျောက်ရှိလာသည်။ သို့ရာတွင် ပြည်တွင်းမှ ကုန်သည်ကြီးငယ်တို့က နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ပြည်တွင်းသို့လူသုံး၊ အိမ်သုံးပစ္စည်းများ၊ စားကုန်သောက်ကုန်များ စသည့် အမယ်များစွာတို့ကို တင်သွင်းလာခဲ့ရာ ပြည်တွင်း ကုန်ထုတ်လုပ်ငန်းရှင်များ၏ ကုန်စည်များ ဈေးကွက်ဝေစုကို တချို့ ခွဲဝေပေးလိုက်ရပြီးတချို့ လက်လွှတ်ဆုံးရှုံးလိုက်ကြရသည်။

ပြည်တွင်း၌ ထုတ်လုပ်သည့် ကုန်စည်များမှာ ထုပ်ပိုးမှုပုံစံ၊ အရည်အသွေး၊ ဈေးနှုန်းစသည်တို့တွင် ပြည်ပကိုမယှဉ်နိုင်ဘဲအချို့ လုပ်ငန်းများ ရပ်ဆိုင်းသွားရသည်။ ဥပမာအားဖြင့် အိမ်နီးချင်း နိုင်ငံအချို့မှ တင်သွင်းလာသည့် စောင်များ ဈေးကွက်တွင် နေရာယူလာခြင်းကြောင့် ပြည်တွင်းရှိ စောင်အမျိုးမျိုး ထုတ်လုပ် သည့်စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများထိခိုက်နစ်နာကြရခြင်းဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများမှ ထုတ်လုပ်သည့် ချည်စောင်၊ ဂွမ်းစောင်၊ ဓာတုချည်မျှင်စောင်များမှာ အောက်ခြေလူတန်းစားမှသည် အဆင့်မြင့်သုံးစွဲသူများအထိ အရည်အသွေးအမျိုးမျိုး၊ ဈေးနှုန်း အမျိုးမျိုးတို့ဖြင့် ရောင်းချပေးနိုင်သည့်အပြင် ဈေးကွက်အကြိုက် တီထွင်ဆန်းသစ်မှုများကိုလည်း ပြုလုပ်ကြသည်။ ထို့နည်းတူ မိမိတို့ ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် မီးဖိုချောင်သုံး သီးနှံများ၊ သစ်သီးဝလံ၊ ပန်းမန်များကိုလည်း နယ်စပ်ဒေသများမှ တင်သွင်းလာကြခြင်းကြောင့် ပြည်တွင်း စိုက်ပျိုးထုတ်လုပ်သူများ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ကြရသည်။

“နိုင်ငံအတွင်း အသုံးပြုရန်လိုအပ်သည့် စားကုန်သောက်ကုန်၊ သုံးကုန်များကို ပြည်တွင်း၌ အရည်အသွေးမီ ထုတ်လုပ်ပြီး ပြည်တွင်းထုတ်ကုန်များကို ဂုဏ်ယူစွာဖြင့် အားပေးသုံးစွဲရန် လိုကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အကာ အကွယ်ပေးပြီး ပြည်တွင်းထုတ်လုပ်သူများ ဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကစီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၆/၂၀၂၁) အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ရာ ပြည်တွင်း ဖြစ် စားကုန်သောက်ကုန်၊ လူသုံးအိမ်သုံးကုန်များကို အရည် အသွေးမီ ထုတ်လုပ်ရမည်ဖြစ်ကြောင်းကိုလည်း ဂရုပြုရန်လိုအပ် သည်။ မိမိတို့ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်းသည် ဈေးကွက် အတွင်း၌ ပြည်ပသွင်းကုန်ပစ္စည်းနှင့် အရည်အသွေးအရ၊ ဈေးနှုန်း အရ၊ ဆွဲဆောင်မှုအရ စသည်ဖြင့် အဘက်ဘက်မှ ယှဉ်ပြိုင်နိုင်စွမ်း ရှိရမည်ဖြစ်သည်။ ယင်းသို့ ယှဉ်ပြိုင်နိုင်ရန် ဈေးကွက်တွင်ရော ထုတ်လုပ်မှုတွင်ပါ သုတေသနပြုလုပ်ခြင်း၊ တီထွင်ဆန်းသစ်ခြင်း တို့ကို စဉ်ဆက်မပြတ်ပြုလုပ်နေရမှာလည်း ဖြစ်သည်။

ပြည်တွင်းရှိ ကုန်ထုတ်လုပ်ငန်းများကို အကာအကွယ် ပေးရန်အတွက် ပြည်ပမှ အလားတူကုန်စည်များ တင်သွင်းမှုကို ကန့်သတ်ခြင်း၊ ပိတ်ပင်တားဆီးခြင်းတို့သည် ကာလ အတိုင်း အတာတစ်ရပ်အတွင်း၌သာ ဖြစ်နိုင်သည်ကို သတိမူကြရမည် ဖြစ်သည်။ ယင်းအချိန်အတွင်း မိမိတို့၏ ကုန်စည်များကို စားသုံးသူတို့ လိုလားနှစ်ခြိုက် အကြိုက်တွေ့အောင် စွမ်းဆောင် အားထုတ်ကြရမှာဖြစ်ပြီး ရေရှည်တွင် ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရန်အတွက်ပါ မျှော်မှန်းဆောင်ရွက်ကြရမည်ဖြစ်သည် ဟု နှိုးဆော်အပ်ပါကြောင်း။

မြန်မာ့အလင်း