ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်၏အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ပြောကြားသည့် မိန့်ခွန်း

ပြည်ထောင်စုဖွား တိုင်းရင်းသား မိဘပြည်သူများခင်ဗျာ

 

ယခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မယ့်     (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့အခါသမယမှာ ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝှမ်းလုံး အေးချမ်း သာယာပါစေကြောင်းနဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးလည်း စည်းလုံးညီညွတ်စွာဖြင့် အမိနိုင်ငံတော်အကျိုးကို ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်း ဦးစွာ ဆန္ဒမေတ္တာ ပို့သအပ်ပါတယ်။

 

ကျွန်တော်တို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ အရေးပေါ် ကာလ နိုင်ငံတော်ရဲ့တာဝန်တွေ ထမ်းဆောင်နေစဉ်ကာလအတွင်းမှာ နိုင်ငံတော်ရဲ့တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနဲ့ တိုင်းရင်းသား ပြည်သူအားလုံးရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ တိုင်းရင်းသားပြည်သူအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှု ခွန်အားများ မရှိမဖြစ် အထူးလိုအပ်ပါတယ်။ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်။

 

 “ စုပေါင်းညီညာ၊ အောင်ကြောင်းဖြာ ” ဆိုသလို ကျွန်တော်တို့ အားလုံး စုစည်းညီညွတ်မှ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်၊ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုနဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်တို့ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်၊ ဒီလို စုစည်းညီညွတ်စွာ နိုင်ငံတော်နဲ့ ပြည်သူ့အကျိုး သယ်ပိုးနိုင်ဖို့ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူအားလုံး ကျန်းမာ ကြံ့ခိုင်ဖို့လိုအပ်ပါတယ်။ ကျန်းမာမှ အလုပ်လုပ်နိုင်မှာ၊ ကျန်းမာမှ ပညာသင်ကြား နိုင်မှာဖြစ်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ရည်မှန်းချက်တွေ ပြည့်ဝမှာ ဖြစ်ပါတယ်။

 

တိုင်းရင်းသားပြည်သူအားလုံးရဲ့ ကျန်းမာကြံ့ခိုင်ရေးနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့တို့မှ အားသွန်ခွန်စိုက် ဆောင်ရွက်ပေးလျက် နေရှိပါတယ်။ ကမ္ဘာအနှံ့ ဖြစ်ပွားနေတဲ့ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံ့စွမ်းအားတွေ၊ ပြည်သူလူထုရဲ့ ကျန်းမာကြံ့ခိုင်ရေးအခြေအနေတွေ မယုတ်လျော့စေဖို့ ကျွန်တော်တို့ အထူးဂရုစိုက် ဆောင်ရွက်လျက်ရှိနေပါတယ်။ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းအားလုံးနီးပါးနဲ့ စေတနာ့ဝန်ထမ်းများ၊ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးနှင့်အထက် နိုင်ငံ့ဝန်ထမ်းအချို့ကို ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဖြစ်ပါတယ်။ မိမိအိမ်တွင် နေထိုင်ရေးအစီအစဉ် (Stay at Home) နဲ့ အကျုံးဝင်တဲ့မြို့နယ်များမှာ နေထိုင်တဲ့ အသက် (၆၅) နှစ်အထက်ရှိ မိဘပြည်သူများကို စတင်ထိုးနှံ ပေးလျက်ရှိပြီး ဆက်လက်ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင် အိန္ဒိယနိုင်ငံက COVID-19 ကာကွယ်ဆေး COVISHIELD injection ဆေး (၂ သန်း) ဒုတိယအသုတ် ရောက်ရှိလာမှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရဟန်းသံဃာတော်များပါမကျန် မြန်မာနိုင်ငံသားအားလုံး COVID-19 ကာကွယ်ဆေးကို အမြန်ဆုံးထိုးနှံနိုင်ပြီး ကျန်းမာကြံ့ခိုင်ကြစေဖို့ ကျွန်တော်တို့ အနေနဲ့အစီအစဉ်သစ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ အဲ့ဒီအစီအစဉ်သစ်မှာ (တစ်) FDA က အသိအမှတ်ပြုပြီး အာမခံချက်နှင့် ထိရောက်မှုရှိတဲ့ ကာကွယ်ဆေးအမျိုးအစားသစ်များ ခွင့်ပြုခြင်းနဲ့ (နှစ်) ပုဂ္ဂလိကထိုးနှံလိုသူများ၊ တင်သွင်းလိုသူများကို ခွင့်ပြုခြင်းတို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရုရှားနိုင်ငံထုတ် Sputnik V vaccine ဆေး၊ တရုတ် နိုင်ငံထုတ် SARS COVI Vaccine ဆေးနဲ့ အိန္ဒိယနိုင်ငံထုတ် COVAXIN Vaccine ဆေးတို့ကို ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ အဲဒီဆေးတွေဟာ ကမ္ဘာ့နိုင်ငံတွေမှာ လက်ရှိ လက်တွေ့ အသုံးပြုနေတဲ့ဆေးတွေ ဖြစ်ပါတယ်။ နိုင်ငံတော်အစီအစဉ်နဲ့ ဆက်လက် တင်သွင်းပြီး ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်သွား ပါမယ်။ ဒါ့အပြင် နိုင်ငံအဝှမ်း အမြန်ဆုံးလွှမ်းခြုံနိုင်စေဖို့ စေတနာရှင် မိဘပြည်သူများလည်း ဒီလုပ်ငန်းစဉ်မှာ ထိထိရောက်ရောက် ထဲထဲဝင်ဝင် ပါဝင်နိုင်စေဖို့အတွက် ပုဂ္ဂလိကကာကွယ်ဆေး တင်သွင်းထိုးနှံလိုသူများ၊ တင်သွင်းလိုသူများကိုလည်း စည်းမျဉ်း၊ စည်းကမ်းများနဲ့အညီ ကျွန်တော်တို့ ခွင့်ပြုသွားမှာဖြစ်ပါတယ်။ ဒါမှ ကာကွယ်ဆေးထိုးနှံရေးအတွက် မိမိတို့အလှည့်မရောက်သေးဘဲ အချိန်ဆောလျင်စွာ ထိုးနှံနိုင်မှာဖြစ်ပြီး အချိန်တိုအတွင်းမှာ ကာကွယ်ဆေးထိုးနှံမှုဟာ လွှမ်းခြုံမှုမြင့်မားလာမှာ ဖြစ်တဲ့အတွက်  COVID ကာကွယ်ရေးလုပ်ငန်းတွေ ပိုမိုအကျိုးဖြစ်ထွန်းလာမှာပဲ ဖြစ်တယ်။

 

တိုင်းရင်းသားပြည်သူများအနေနဲ့ အထူးသတိပြုရမှာကတော့ ဒီကာလဟာ ကမ္ဘာမှာ COVID-19 ရောဂါပျံ့နှံ့ဖြစ်ပွားနေဆဲ ကာလ ဖြစ်ပါတယ်။ ကာကွယ်ဆေးမထိုးရသေးခင်အထိ COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ နေထိုင်ကြဖို့ အလွန်အရေးကြီးပါတယ်။ ယခုကာလမှာ လူစုလူဝေးနဲ့ သွားလာနေတာတွေကိုလည်း တွေ့ရပါတယ်။ ဒါတွေဟာ COVID-19 ကူးစက်၊ ပြန့်ပွား၊ ဖြစ်ပွားမှုနှုန်း မြင့်မားလာစေမှာ ဖြစ်လို့ ရှောင်ကြဉ်ကြဖို့ ကျွန်တော် အထူးတိုက်တွန်းလိုပါတယ်။ COVID-19 ကပ်ရောဂါကို ထိရောက်စွာ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်နိုင်ရေးအတွက် ရောဂါစစ်ဆေးခြင်း လုပ်ငန်းတွေကိုလည်း ကျွန်တော်တို့ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်သွားဖို့လိုပါတယ်။ ဒီလိုဆောင်ရွက်နိုင်အောင်လည်း စီမံဆောင်ရွက်လျက်ရှိနေပါတယ်။ COVID ကြောင့် တုံ့နှေးနေတဲ့လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ဖို့ အဲဒီအစီအမံတွေ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါတွေကို ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်ခြင်း၊ စည်းကမ်းရှိရှိလိုက်နာခြင်း၊ ပါဝင်ကူညီခြင်းတို့ဖြင့် ဆောင်ရွက်သွားကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။ ကျန်းမာရေးဝန်ထမ်းများ အနေနဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာဆေးရုံများမှာ အမြန်ဆုံးဆောင်ရွက်ပေးဖို့ တိုက်တွန်း လိုပါတယ်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ နိုင်ငံ့ဝန်ထမ်းများနဲ့ ပတ်သက်ပြီး “ နိုင်ငံတော်သည် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင်အာမခံချက် ရရှိရေး၊ စားဝတ်နေမှုဖူလုံရေး၊ အိမ်ထောင်ရှင် အမျိုးသမီးဝန်ထမ်းများ မီးဖွားခြင်းဆိုင်ရာ အကျိုးခံစားခွင့်ရှိရေးနှင့် အငြိမ်းစားဝန်ထမ်းများ စားဝတ်နေမှုသက်သာချောင်ချိရေးတို့အတွက် လိုအပ်သည့်ဥပဒေများ ပြဌာန်းရမည် ” လို့ ပြဌာန်းထားပါတယ်။ နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေများပြဌာန်းထားပြီးဖြစ်ပါတယ်။ လိုအပ်ချက်တွေ ရှိကောင်းရှိနေ နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြန်လည်စိစစ်ပြီး နိုင်ငံ့ဝန်ထမ်းများ အကျိုးအတွက် လိုအပ်တာတွေ ထပ်မံဖြည့်ဆည်းဆောင်ရွက် ပေးသွား ပါမယ်။ နိုင်ငံ့ဝန်ထမ်းများဟာ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို တိုက် ရိုက်သယ်ပိုးခွင့် ရရှိသူများလည်းဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့၊ တရားစီရင်ရေးကဏ္ဍများ ကောင်းမွန်စွာလည်ပတ်နိုင်ဖို့ အတွက် အဆင့်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ ပြည်သူ့ကောင်းကျိုးကို လုပ်ဆောင်နေကြရတဲ့ ဂုဏ်ယူစရာ ကောင်းသူများ ဖြစ်ကြပါတယ်။ ဒီဂုဏ်သိက္ခာကို ကျွန်တော်တို့ စောင့်ထိန်းကြရမှာဖြစ်ပါတယ်။

 

ဒီနေ့အချိန်ကာလမှာ နိုင်ငံ့ဝန်ထမ်းအချို့ဟာ မသမာသူအချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် မိမိတို့ရဲ့လုပ်ငန်းခွင်တာဝန်များမှာ ပျက်ကွက်နေကြပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူလူထုအပေါ်မှာ စေတနာထား၊ တန်ဖိုးထားပြီး လုပ်ငန်းခွင်မှာ အခက်အခဲများကြားက တာဝန်ထမ်းဆောင်နေကြတဲ့ သူတွေကိုလည်း မသမာသူတွေက နည်းအမျိုးမျိုး အသုံးပြုပြီး နှောင့်ယှက်တားဆီးနေတာ တွေ့ရပါတယ်။ ကျွန်တော် မနေ့က ကြေညာချက်ထုတ်ပြန် တားဆီးတာတွေ၊ တိုက်တွန်းတာတွေ ဆောင်ရွက်ခဲ့ပါတယ်။ ထိထိရောက်ရောက်ဖြစ်စေဖို့ ဆက်လက်ဆောင်ရွက်သွားပါမယ်။ ပြည်သူလူထုအပေါ်မှာ စေတနာထားတာဝန် ကျေပွန်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းများ အနေနဲ့ မိမိတို့တာဝန်ကို စိတ်အေးချမ်းသာစွာ ဆက်လက်ဆောင်ရွက်နိုင်ရေး လိုအပ်တာတွေလည်း ဆောင်ရွက်ပေးပါမယ်။ နိုင်ငံတော်နဲ့ပြည်သူလူထုအပေါ်မှာ စေတနာထားပြီး သစ္စာရှိရှိ နိုင်ငံ့တာဝန်များ ထမ်းဆောင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ လုပ်ငန်းခွင်နဲ့ ကင်းကွာ နေကြတဲ့ နိုင်ငံ့ဝန်ထမ်းများအနေနဲ့လည်း မိမိတို့ရဲ့ စိတ်ခံစားချက်များ ကို ဦးစားမပေးဘဲ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဦးစားပေးပြီး မိမိတို့ ရဲ့လုပ်ငန်းခွင်များကို အမြန်ဆုံးဝင်ရောက်သွားကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

 

နောက်တစ်ခုကတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲကိစ္စပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၃၉၉ အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်များမှာ ရွေးကောက်ပွဲကျင်းပခြင်း၊ ရွေးကောက်ပွဲများကိုကြီးကြပ်ခြင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းခြင်းနှင့်ကြီးကြပ်စေခြင်း၊ မဲစာရင်းများပြုစုခြင်းနှင့် ပြင်ဆင်ခြင်းလို့ အတိအလင်းပြဋ္ဌာန်းပါတယ်။ မဲစာရင်းများပြုစုခြင်းနဲ့ ပြင်ဆင်ခြင်းဟာ UEC ရဲ့ တာဝန်ပဲဖြစ်ပါတယ်။ စစ်ဆေးကြည့်တဲ့အခါ မဲစာရင်းများကို ဖြစ်သလိုပြုလုပ်ထားတာတွေ့ရပါတယ်။ အချို့နေရာတွေမှာ တပ်မတော်က စစ်ဆေးဖော်ထုတ်ထားတဲ့ မဲစာရင်းတွေထက်ကို စာရင်းများ ပိုမိုနေကြောင်းတွေ့ရပါတယ်။ ကျွန်တော်ယခင်ကပြောခဲ့သလို ကျွန်တော်တို့ နိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးပြီးနောက် အထွေထွေ ရွေးကောက်ပွဲကြီး (၃)ကြိမ်၊ ကြားဖြတ်ရွေးကောက်ပွဲ (၂)ကြိမ် ကျင်းပခဲ့ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့လည်း ဦးသိန်းစိုး ဦးဆောင်တဲ့ UEC အဖွဲ့၊ ဦးတင်အေး ဦးဆောင်တဲ့ UEC အဖွဲ့နဲ့ ဦးလှသိန်း ဦးဆောင်တဲ့ UEC အဖွဲ့ဆိုပြီး အဖွဲ့ ၃ ဖွဲ့ရှိခဲ့ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တိုင်းသည် လွတ်လပ်တဲ့ကော်မရှင်တွေ ဖြစ်ရမှာ ဖြစ်ပါတယ်။ လွတ်လပ်တဲ့ကော်မရှင်တွေဖြစ်ကြောင်းလည်း ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၅ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ကော်မရှင်တွေက သက်သေပြပြီးဖြစ်ပါတယ်။ ရွေးကောက်ပွဲ မတိုင်မီ အငြင်းပွားမှု၊ စောဒကမှု၊ ရွေးကောက်ပွဲကာလ အတွင်းနဲ့ ရွေးကောက်ပွဲအပြီး အငြင်းပွားမှု၊ စောဒကမှုတွေကို နှစ်ဦး၊ နှစ်ဖက်လက်ခံသည်အထိ ဖြေရှင်းပေးခဲ့ပါတယ်။

 

ရွေးကောက်ပွဲကော်မရှင်တိုင်းသည် လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ကို အဓိက ဦးတည်ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ သူတို့ဒီလိုဆောင်ရွက်ပေးမှ ကောင်းမွန်တဲ့အုပ်ချုပ်မှု၊ သန့်ရှင်းသော အစိုးရဆိုတာ ဖြစ်လာမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင် ကိုယ်တိုင်က ဒီတာဝန်ဝတ္တရားတွေကို ချို့ယွင်းခဲ့ရင် ကျွန်တော်တို့ ရည်မှန်းခဲ့တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ထွန်းဖို့ အလှမ်းဝေးစေမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေနဲ့ သူတို့ရဲ့ပြုမူ ဆောင်ရွက်ချက် တာဝန်ထမ်းဆောင်မှုများကို တာဝန်ယူရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈၊ ပုဒ်မခွဲ(က)အရ ရွေးကောက်ပွဲ ကော်မရှင်ကို သမ္မတကခန့်အပ်ရခြင်း၊ ပုဒ်မ ၄၀၀ အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ (သို့မဟုတ်) အဖွဲ့ဝင်များကို နိုင်ငံတော် သမ္မတကစွပ်စွဲပြစ်တင်နိုင်ခြင်း စတဲ့ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ သမ္မတကြားမှာ အပြန်အလှန်ဆက်သွယ်မှု၊ အပြန်အလှန်ထိန်းကျောင်းမှုပြုနေတဲ့ သဘောသက်ရောက်ပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ လိုက်နာ ဆောင်ရွက်ရတဲ့ အခြေခံဥပဒေပြဋ္ဌာန်းချက်တွေ ဖြစ်ပါတယ်။ အနည်းဆုံး တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များပင် လိုက်နာပါမည်လို့ ကျမ်းသစ္စာဆိုချက်ပုံစံပါ “နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ဥပဒေများကို လည်း လိုက်နာပါမည် ”ဆိုတဲ့ ကျမ်းသစ္စာပြုချက်ကို အလေးထား လိုက်နာရမှာ ဖြစ်ပါတယ်။

 

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ ယနေ့အရေးပေါ်ကာလ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေရချိန်အတွင်းမှာ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝတည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အစွမ်းရှိသမျှ ဆောင်ရွက်သွားပါမယ်။ ပြည်ထောင်စုရဲ့ရည်မှန်းချက်ဖြစ်တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ဖြစ်ရေးဆောင်ရွက်ပါမယ်။ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ် ပီပြင်စွာဖြစ်လာစေရေး၊ ပြည်ထောင် စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပိုမိုခိုင်မာစေရေး ဆက် လက် ဆောင်ရွက်ပါမယ်။ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို မမှိတ်မသုန်လျှောက်လှမ်းရင်း ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ရည်မှန်းချက်များ ပြည့်စုံအောင် ဖြည့်ဆည်းသွားပါမယ် လို့ ပြောကြားလိုပါတယ်။

 

ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံးကျန်းမာရွှင်လန်းစွာဖြင့် ပြည်ထောင်စုအကျိုးကို လက်တွဲဆောင် ရွက် ကြပါစို့ခင်ဗျာ။ အားလုံးကိုကျေးဇူးတင်ပါတယ်။