ပြည်သူလူထုကပ်ရောဂါကင်းရေးမြှင့်တင်

ယနေ့အချိန်အခါတွင် အထူးသတိထားရမည့်ကိစ္စမှာ ကူးစက်မြန် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနှုန်း ပြန်လည်မြင့်တက်မလာရေး ဖြစ်သည်။ ကိုဗစ်-၁၉ -ရောဂါ ကူးစက်ပျံ့နှံ့နှုန်း တစ်နေ့လျှင် တစ်ရာခိုင်နှုန်းဝန်းကျင်သာရှိရာမှ ထိုနှုန်း တက်မလာရေးကို အထူးသတိပြုကြရမည် ဖြစ်သည်။ ယခုအခါတွင် အကြောင်းမျိုးစုံဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းကမ်းများဘက်တွင် လိုက်နာမှုအားနည်းလာသည်ကို မြင်တွေ့နေရသည်။

ကမ္ဘာပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး ဖြစ်ပွားနေသောကာလအတွင်း၌ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ပထမလှိုင်း၊ ဒုတိယလှိုင်းတို့ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ ပြည်သူများ ကျန်းမာရေးဆိုင်ရာစည်းကမ်းများကို အလေးထားလိုက်နာမှုကြောင့် ရောဂါ ဖြစ်ပွားမှုများ လျော့ပါးသက်သာလာခဲ့ပြီးမှ ယခုအခါ ဥပဒေ၊ စည်းကမ်း လိုက်နာရေးဘက်တွင် အားနည်းမှုကြောင့် ရောဂါဖြစ်ပွားနှုန်း တက်မလာရေးကို သတိပြုကြရန် မေတ္တာရပ်ခံအပ်ပါသည်။

ယနေ့အချိန်အခါတွင် စိန်ခေါ်မှုများ၊ အခက်အခဲများ များစွာကြုံတွေ့ နေရသော်လည်း တိုင်းရင်းသားပြည်သူများ ကျန်းမာရေး၊ ကပ်ရောဂါကင်းဝေးရေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့တို့က အားသွန်ခွန်စိုက် ဆောင်ရွက်ပေးနေသည်။ ယခုအခါ ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းအားလုံးနီးပါးနှင့် စေတနာ့ဝန်ထမ်းများ၊ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးနှင့် အထက် ဝန်ထမ်းများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး နေအိမ်တွင်သာ နေထိုင်ရေးအစီအစဉ်တွင် အကျုံးဝင်သည့် မြို့နယ်များတွင်နေထိုင်သော အသက် ၆၅ နှစ်အထက် မိဘပြည်သူများအား ကာကွယ်ဆေး စတင်ထိုးနှံ ပေးနေသည်။

ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးရန်အတွက် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရေးကို ဆက်လက်ဆောင်ရွက်နေသည်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဒုတိယအသုတ် ကာကွယ်ဆေးနှစ်သန်း အိန္ဒိယနိုင်ငံမှရောက်ရှိ လာပြီး ရဟန်းရှင်လူပြည်သူများ ကာကွယ်ဆေးဆက်လက်ထိုးနှံနိုင်ရေးအတွက် အက်ဖ်ဒီအေအသိအမှတ်ပြု ထိရောက်မှုနှင့် အာမခံချက်ရှိသော ကာကွယ်ဆေးအမျိုးအစားသစ်များကို ခွင့်ပြုပေးခြင်းနှင့် ပုဂ္ဂလိကထိုးနှံလို သူများနှင့် တင်သွင်းခြင်းအစီအစဉ်သစ်များကို ခွင့်ပြုပေးမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရက ကမ္ဘာ့နိုင်ငံများတွင် လက်တွေ့အသုံးပြုနေသော ရုရှား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ ထုတ်လုပ်သည့် ကာကွယ်ဆေးများကို တင်သွင်းခွင့်ပြုပေးမည်ဖြစ်ပြီး နိုင်ငံတော်၏ ကာကွယ်ဆေးထိုးအစီအစဉ်ကို လည်း အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်စဉ် ပိုမိုထိရောက်မြန်ဆန်မှု ရှိစေရေးအတွက် ပုဂ္ဂလိကကာကွယ်ဆေးထိုးအစီအစဉ်ကိုလည်း ပါဝင်စေခြင်းဖြစ်သည်။ ကာကွယ်ဆေးထိုးအစီအစဉ်မှာ တစ်နိုင်ငံလုံး လွှမ်းခြုံဆောင်ရွက်ရသော အစီအစဉ်ဖြစ်၍ နိုင်ငံတော်အစိုးရတစ်ရပ်တည်းက ဆောင်ရွက်နေလျှင် အချိန်ကာလအတိုင်းအတာကြာရှည်မည် ဖြစ်သည်။ ပုဂ္ဂလိကအစီအစဉ်ကို ထည့်သွင်းဆောင်ရွက်ခြင်းဖြင့် ကာကွယ်ဆေးထိုး လွှမ်းခြုံမှု ပိုမိုမြန်ဆန်လာမည် ဖြစ်သည်။

နိုင်ငံတစ်ဝန်းတွင် ကာကွယ်ဆေးထိုးအစီအစဉ် အမြန်ဆုံးလွှမ်းခြုံ နိုင်ရေးအတွက် စေတနာရှင်မိဘပြည်သူများကလည်း လုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင်ပါဝင်စေနိုင်ရေးအတွက် ပုဂ္ဂလိက ကာကွယ်ဆေးတင်သွင်းခြင်း၊ ဆေးထိုးခြင်းအား ကျန်းမာရေးစည်းမျဉ်းများနှင့်အညီ ခွင့်ပြုပေးခြင်းကို ကြိုဆိုရမည်ဖြစ်သည်။ ကာကွယ်ဆေးထိုးနှံရေးကို မျှော်မှန်းထားသည့်အချိန် ထက် ဆောလျင်စွာထိုးနှံနိုင်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်၊ ထိန်းချုပ်နိုင်ပြီး ပြည်သူများကပ်ရောဂါမှ ကင်းဝေးစေမည် ဖြစ်သည်။

ယနေ့အချိန်ကာလသည် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေဆဲကာလ ဖြစ်သည်။ ပြည်သူများ ကာကွယ်ဆေးမထိုးနှံရသေးမီ ကျန်းမာရေးစည်းမျဉ်း များနှင့်အညီ နေထိုင်ပြုမူလုပ်ကိုင်ကြရန် လိုအပ်ပါသည်။ လူစုလူဝေးနှင့် စည်းကမ်းလိုက်နာမှုမရှိလျှင် ကိုဗစ်-၁၉ ရောဂါ ပြန်လည်ခေါင်းထောင်လာပြီး ပြန့်ပွားနှုန်းမြင့်မားလာမည်။ ကိုဗစ်-၁၉ ရောဂါကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန်အတွက် ရောဂါပိုးရှာဖွေစစ်ဆေးရေးသည် အရေး ကြီးသည့်လုပ်ငန်းစဉ်ဖြစ်ရာ ယင်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်သွားရန် လိုအပ်သည်။ ရောဂါပိုးရှာဖွေခြင်းလုပ်ငန်းကို ထိရောက်စွာမလုပ်နိုင်ပါက ပြည်သူလူထုအတွင်း ရောဂါကူးစက်မှု ပြန်လည်မြင့်မားလာမည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုကိုဗစ်-၁၉ ရောဂါကင်းဝေးရေးအတွက် အသိတရားဖြင့် ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသောကာလ၊ ရောဂါဖြစ်ပွားနှုန်း ကျဆင်းနေစဉ်အချိန်ကာလ၌ နိုင်ငံတော်က ဆောင်ရွက်ပေးနေသော ကိုဗစ်၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသိတရားဖြင့် ပြည်သူများအားစေတနာထားပြီး ဆောင်ရွက်ပေးသည့်အစဉ်အလာကောင်းကို ဆက်လက်မြှင့်တင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ