ပွင့်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် သိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသူများ ဈေးကောင်းရရှိကာ လုပ်ငန်းအဆင်ပြေ

mdn

ပွင့်ဖြူ     ၂၀ ဇွန်    

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် တွဲဖက်၍ မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင် သိုး ၊ ဆိတ် မွေးမြူရေးလုပ်ငန်းကိုလည်း မွေးမြူလုပ်ကိုင်ဆောင်ရွက် လျက်ရှိရာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ရောင်းချရာတွင်လည်း ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း သိရသည်။

 “ကျွန်တော်က စိုက်ပျိုးရေးလုပ်ငန်းနဲ့ တွဲဖက်ပြီး မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင် သိုး ၊ ဆိတ် မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်လာတာ တစ်နှစ်ခွဲလောက် ရှိပါပြီ ။ သိုး ၊ ဆိတ် မွေးမြူရေးလုပ်ငန်းက လွှတ်ကျောင်းစနစ်နဲ့ မွေးမြူလုပ်ကိုင်နိုင်တဲ့အတွက် အစာဖိုးကုန်ကျစရိတ် သက်သာလို့ အဆင်ပြေပါတယ်။ ဒါပေမယ့် ရာသီဉတု အခြေအနေပေါ် မူတည်ပြီးတော့ ရေကြည်ရာ မြက်နုရာဆိုသလို သိုး ၊ ဆိတ် ခြံတွေကို ပြောင်းရွှေ့မွေးမြူလုပ်ကိုင်ရပါတယ်။ လက်ရှိ သိုး ၊ ဆိတ် မွေးမြူရေးဈေးကွက်မှာ သိုးထီးတစ်ကောင်ကို ငွေကျပ် တစ်သိန်းခွဲခန့် ရောင်းချရပြီး အသားဈေးနှုန်းအနေဖြင့် တစ်ပိဿာကို ငွေကျပ် ၈၀၀၀ နှုန်း ရောင်းချရပါတယ်။ သိုး ၊ ဆိတ် မွေးမြူရေးလုပ်ငန်းကို နိုင်ငံတော်ကလည်း ပြည်တွင်း ၊ ပြည်ပသို့ဈေးကွက်သို့ တရားဝင် လွတ်လပ်စွာရောင်းဝယ်ခွင့် ခွင့်ပြုပေးထားတဲ့အတွက် ရောင်းသူ ဝယ်သူ အဆင်ပြေလို့ ကျွန်တော်တို့ ကျေးလက်နေတောင်သူတွေအတွက် စိုက်ပျိုးရေးလုပ်ငန်းနဲ့ တွဲဖက်ပြီး တစ်ပိုင်တစ်နိုင် သိုး ၊ ဆိတ် မွေးမြူရေးလုပ်ငန်းဟာ မိသားစုအပိုဝင်ငွေရရှိပြီး လုပ်ငန်းအဆင်ပြေနေကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် လယ်ဖီလာကျေးရွာမှ သိုး ၊ ဆိတ် မွေးမြူးရေးလုပ်ငန်းလုပ်ကိုင်သူ ဦးမောင်လွင် က ပြောသည်။

 

သိုး ၊ ဆိတ် မွေးမြူရေးလုပ်ငန်းသည် လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူနိုင်သည့်အတွက် အစာဖိုးကုန်ကျစရိတ် သက်သာပြီး မွေးမြူရာတွင်လည်း ခြံဝန်းများခတ်၍ စနစ်တကျ မွေးမြူနိုင်သဖြင့် မွေးမြူလုပ်ကိုင်ရ အဆင်ပြေလျက်ရှိသည်။ သိုး ၊ ဆိတ်များသည် တစ်နှစ်လျှင် အနည်းဆုံး နှစ်ကောင်နှုန်း ပေါက်ဖွားလေ့ရှိပြီး အကျိုးဖြစ်ထွန်းပါက လေးကောင်အထိ ပေါက်ဖွားလေ့ရှိကြောင်း သိရသည်။

 

ရဲဝင်းနိုင် ( ပြန် / ဆက် )