ပွင့်ဖြူမြို့နယ်မျိုးသန့်ခြံအတွင်း မျိုးစေ့ထုတ်စိုက်ပျိုးလယ်မြေများ စိုက်ပျိုးရေအဆင်ပြေစေရန် ဆိုလာစနစ်ဖြင့် ရေပေးဝေနိုင်ရေး ဆောင်ရွက်

mdn

ပွင့်ဖြူ   ၂၀  ဇွန်    

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မျိုးသန့်ခြံဝန်းအတွင်းရှိ မျိုးစေ့ထုတ်လယ်မြေများ ရာသီအလိုက် မျိုးစေ့ထုတ်သီးနှံများ စိုက်ပျိုးရာတွင် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေများ အဆင်ပြေစွာ ဖြန့်ဝေပေးနိုင်ရေး အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆိုလာစနစ်ဖြင့် မြေအောက်ရေဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက် ပေးနေကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မျိုးသန့်ခြံ သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ တောင်သူများကို နှစ်စဉ် မျိုးကောင်းမျိုးသန့် စပါးနှင့် ကုလားပဲမျိုးသန့်မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကာ အဆိုပါ မျိုးကောင်း မျိုးသန့် မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးရာတွင် မျိုးသန့်ခြံဝန်းရှိ စိုက်ပျိုးလယ်မြေဧက ၁၂၀ တွင် စနစ်တကျ စိုက်ပျိုးပြီး ထွက်ရှိလာသော မျိုးကောင်းမျိုးသန့်မျိုးစေ့များကို တိုင်းဒေသကြီးအတွင်း တောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ယခုနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Pilot အစီအစဉ်ဖြင့် ပွင့်ဖြူမြို့နယ်မျိုးသန့်ခြံဝန်းရှိ မျိုးစေ့ထုတ်စိုက်ပျိုးလယ်မြေများ မျိုးကောင်းမျိုးသန့်မျိုးစေ့ စပါးနှင့် ကုလားပဲသီးနှံအား တိုင်းဒေသကြီးအတွင်း စားနပ် ရိက္ခာဖူလုံစေရန်နှင့် တောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပိုမိုထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ရန်အတွက် မူလရှိ လေးလက်မ စက်ရေတွင်းအား ဆိုလာစနစ်ဖြင့် မြေအောက်ရေအသုံးချစိုက်ပျိုးနိုင်ရေးအတွက် တပ်ဆင်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆိုလာစနစ်တပ်ခြင်းလုပ်ငန်းကို Mega Global Green ကုမ္ပဏီနှင့် Pro Engineering ကုမ္ပဏီ တို့က တာဝန်ယူဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံမှ သိရသည်။

ယခု Pilot အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဆိုလာတပ်ဆင်ခြင်းနှင့် ဆိုလာပန့်တပ်ဆင် ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မျိုးသန့်ခြံအနေဖြင့် မျိုးစေ့ထုတ်လယ်မြေများ တွင် စပါးနှင့် ကုလားပဲသီးနှံ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ရာတွင် မဲဇလီရေလွှဲဆည်ရေအပြင် လိုအပ်သော ဖြည့်စွက်စိုက်ပျိုးရေအား အဆင်ပြေစွာ အသုံးချနိုင်မည်ဖြစ်၍ တိုင်းဒေသကြီးအတွင်း မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းအား ပိုမို အဆင်ပြေစွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ရဲဝင်းနိုင် ( ပြန်/ဆက် )