ပခုက္ကူမြို့၊ စနစ်သစ်ပုထိုးတိုက်ကျောင်း၌ ဆီမီး၊ ပန်းနှင့်ရေချမ်းပေါင်း ၃၀၀၀ ထွန်းညှိပူဇော်

ပခုက္ကူ  အောက်တိုဘာ ၂၂

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ စနစ်သစ်ပုထိုးတိုက်ကျောင်း၌  ဆီမီး၊ ပန်းနှင့် ရေချမ်းပေါင်း ၃၀၀၀ ထွန်းညှိပူဇော်ဆက်ကပ်ပွဲကို မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ ညနေပိုင်းတွင် ဆက်လက်ကျင်းပကြသည်။

           

ဆီမီးပူဇော်ပွဲတွင် ပခုက္ကူမြို့၊ စနစ်သစ်ပုထိုးတိုက်ကျောင်းထိုင်ဆရာတော် ဦးကောသလ္လအမှူးပြုသော စာရေးဆရာမ စိမ်းမြမြ၊ မြို့နယ်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဒေါ်ဖြူဖြူစံတို့၏မတည်လှူဒါန်းမှုဖြင့် အများပြည်သူအလှူရှင်များစုပေါင်း၍ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်၊ ရေချမ်းတစ်ထောင်တို့ကို ဆရာတော်၊ ရဟန်း၊ သံယာ၊ သီလရှင်များနှင့် ကျောင်းဒါကာ၊ ဒါယိကာမများက ကျောင်းဝန်းအတွင်း “ငြိမ်းချမ်းပါစေမြန်မာပြည်” မြေပုံနှင့် စာတန်းဖန်တီးပုံဖော်ကာ ဆီမီးခုံများ၌ ထွန်းညှိပူးဇော်ခြင်း၊ ပန်းနှင့် ရေချမ်းများအား ဆက်ကပ်လှူဒါန်းခြင်းများဖြင့် သီတင်းကျွတ်မီးထွန်းပွဲတော် ကျင်းပကြသည်။          

 

အလားတူ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင်လည်း စနစ်သစ်ပုထိုးတိုက်ကျောင်းဝန်း အတွင်း “ငြိမ်းချမ်းပါစေမြန်မာပြည်” စာတန်းဖန်တီးပုံဖော်ကာ ဆီမီး၊ ပန်းနှင့် ရေချမ်းများအား ထွန်းညှိပူဇော် ဆက်ကပ်လှူဒါန်းခြင်း၊ မြို့ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၊ ရွှေကူဘုရား၊ ဖောင်တော်ဦးဘုရား၊ ရွှေမုဋ္ဌောဘုရားနှင့် မြို့ပေါ် ရပ်ကွက်များနှင့်ကျေးရွာများရှိ ဘုရား၊ပုထိုး၊စေတီများတွင် ဆီမီး၊ပန်းနှင့်ရေချမ်းများ ထွန်းညှိပူဇော်ဆက်ကပ်ခြင်းများဖြင့် ကုသိုလ်ယူကြကြောင်း သိရသည်။

 

ပခုက္ကူမြို့နေ ဒေသခံပြည်သူများအနေဖြင့် သီတင်းကျွတ်မီးထွန်းပွဲတော်နှင့်အတူ ဘုန်းတော်ကြီးကျောင်း စာသင်တိုက်များနှင့် ဘုန်းတော်ကြီးကျောင်းများ၌ မိသားစုများ၊ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများ အလိုက် စုပေါင်းပြီး ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်း၊ သက်ကြီး၊ ဘိုးဘွား၊ မိဘ၊ ဆရာသမား၊ ဆွေမျိုးများအား ရှိးခိုးကန်တော့ခြင်းများဖြင့်  ကုသိုလ်ကောင်းမှုများ အသီးသီးဆောင်ရွက်ကြကြောင်း သိရသည်။

 

ဆလိုင်းကိုကီး(ပြန်/ဆက်)