ဖားကန့်၊ ကျိုင်းတုံနှင့် မူဆယ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၊ ၅ ဖေဖော်ဝါရီ 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၄ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ ဝရာဇွပ်ကျေးရွာအုပ်စု၊ ရှာဒူဇွပ် ကျေးရွာနေ ဒေါ်ဂျာတောင်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၃၉၆ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီ ၄၅ မိနစ်တွင် တစ်ရွာတည်းနေ မရွယ်ဆန့်(ခ)ဒေါ်ရွယ်၏နေအိမ်သို့ ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၆၅ ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ မြစ်ကြီးနား-တနိုင်းသွား ကားလမ်း၊ ဘန်ကောက်ကျေးရွာအနီးတွင် ဦးမဟော်လဖုန် မောင်းနှင်ပြီး မလဖိုင်ထု(ခ)မထု လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၃၆ ကီလို ကိုလည်းကောင်း။

ထို့အတူ ယင်းနေ့ နံနက် ၅ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးသွား ကားလမ်း၊ ကျိုင်းဖောင်းကျေးရွာ တံတားအနီးတွင် ယောသန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀,၀၀၀ ကိုလည်းကောင်း၊ အလားတူ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စု၊ နမ္ပတီး ကျေးရွာနေ မမာခေါန်(ခ)မာခွမ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၅၀ နှင့် ဘိန်းဖြူ သုည ဒသမ ၀၁ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

(ရဲပြန်ကြား)