ပေါက်မြို့နယ်တွင် မိုးစတင်ရွာသွန်းသဖြင့် မိုးသီးနှံများ စိုက်ပျိုး

ပေါက်၊  ၁၅ ဇွန်   

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် ဇွန်လဆန်းပိုင်းက မိုးစတင်ရွာသွန်းခဲ့ရာ မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၃၅ ရွာမှ စိုက်ပျိုးရေးတောင်သူများသည် မိုးသီးနှံများ စတင်ထွန်းယက် စိုက်ပျိုးနေပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံက သိရသည်။

"ကျွန်တော်တို့ မြို့နယ်မှာ ဇွန်လပိုင်း ၅ ရက်နေ့က မိုးရွာတယ်၊ မိုးရွာသွန်းမှုက ထယ်ရေးပြင်ဖြစ်အောင် စိုက်လို့ရအောင် ရွာသွန်းခဲ့လို့ တောင်သူတွေအနေနဲ့ မိုးနှမ်းကော၊ ပင်ထောင်မြေပဲကိုပါ ဇွန် ၆ ရက်နေ့ကစပြီး စိုက်ပျိုးကြပါပြီ၊ နွေကာလမှာကတည်းက ခေတ်မီလယ်ထွန်စက်ကြီးနဲ့ ထယ်ရေးညက်ညက် အနေအထားရောက်အောင် ငှားရမ်းခုတ်ထားလို့ မိုးရွာလာတော့ မိမိတို့နွားရှဉ်းများနဲ့ မွှေနောက်ပြီး စိုက်ပျိုးကြတာပါ၊ အခုနှစ် နှမ်းစိုက်တာရော၊ ပင်ထောင်မြေပဲစိုက်တာရော ပျံကျပက်ကျဲစနစ် မဟုတ်ဘဲ သုံးသွား‌ကြောင်း ဖော်ပြီးစိုက်ကြပါတယ်။ လယ်ယာလုပ်သား ရှားပါးတာရယ်၊ လုပ်အားခ ဈေးနှုန်းကြီးမြင့်တာရယ်ကြောင့် ကြောင်းစနစ်နဲ့ စိုက်တဲ့အတွက် မိမိတို့ရဲ့ နွားရှဉ်းများနဲ့သာ ကြားလိုက် ပေါင်းသင်ရတဲ့အခါ အလုပ်သမားဦးရေများများ မသုံးရဘူး၊ ပေါင်းမြက်သုတ် သင်စရိတ် သက်သာတာပေါ့၊ ကျွန်တော်ယာခင်းကိုတော့ မိုးရွာပြီးနောက်နေ့ တစ်နေကုန်အပြီး စိုက်လိုက်တာ ပြီးသွားပါပြီဟု" မုန်ကုန်းကျေးရွာမှ တောင်သူ ဦးဌေးတင်ကပြောသည်။

ပေါက်မြို့နယ်အတွင်းရှိ ဒေသခံစိုက်ပျိုးရေးတောင်သူ အများစုဟာ ယခင်နှစ်က မိုးဦးနှမ်းနဲ့ မြေပဲ စိုက်ပျိုးကြရာမှာ မိုးဦးကာလ စိုက်မိုးရွာသွန်းမှု ကောင်းမွန်သော်လည်း နောက်ပိုင်းမိုးရွာသွန်းမှု နည်းပါးတဲ့အတွက် သီးနှံအထွက်နှုန်း လျော့နည်းကာ အရှုံးနဲ့သာ ရင်ဆိုင်ခဲ့ကြရပါတယ်။ ယခုနှစ် မိုးရာသီမှာ ဆီထွက်သီးနှံ နှစ်မျိုးဖြစ်တဲ့ နှမ်းနဲ့ မြေပဲကို နောက်ပိုင်းမိုး ရွာသွန်းမှုကောင်းမွန်ပြီး အထွက်နှုန်းကောင်း စျေးကောင်းရရှိကြလိမ့်မယ်လို့ မျှော်လင့်နေကြောင်း ပေါက်မြို့နယ် စခန်းလှကျေးရွာနေ တောင်သူ ဦးရဲကြည်က ပြောသည်။

ဉာဏ်တိုး​(ပေါက်)