ပျောက်ကွယ်လုဖြစ်နေသော အင်းသားရိုးရာ လှေလှော်ခတ်နည်း

၂၃ ဩဂုတ်

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း တိုင်ရင်းသားလူမျိုးပေါင်း ၁၀၀ ကျော် မှီတင်းနေထိုင်လျက်ရှိပြီး တိုင်းရင်းသား လူမျိုးတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် စာပေ ရိုးရာဓလေ့ထုံးတမ်း‌တွေ ကိုယ်စီကိုယ်စီ ရှိတတ်ကြသည်။ ဤကဲ့သို့ တိုင်းရင်းသား များစွာရှိသည့်အနက် ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးကန်တစ်ဝိုက်တွင် အခြေစိုက်နေထိုင်လျက်ရှိသော လူမျိုးစုသည် အင်းသားလူမျိုးများ ဖြစ်ကြသည်။ အင်းသား လူမျိုးများသည် ရှမ်းတိုင်းရင်းသားအနွယ်ဝင် လူမျိုးပေါင်း ၃၃ မျိုးတွင် ပါဝင်သည်။ အင်းသား လူမျိုးများတွင် အခြားသောတိုင်းရင်းသား လူမျိုးများနှင့် မတူကွဲပြားသော ထူးခြားချက် များစွာရှိကြသည်။ ယင်းထူးခြားချက်များတွင် အင်းသား အင်းသူတို့၏ ရိုးရာလှေလှော်ခတ် နည်းလည်းတစ်ခုအပါအဝင်ဖြစ်ပါသည်။

 

ယဉ်ကျေးမှုပြယုဂ်

 

လူတော်တော်များများသည် လှေကို လက်ဖြင့် သာလှော်ခတ်လို့ရသည်ဟု တွေးထင်မိကြလိမ့် မည်။ အင်းသား အင်းသူတို့၏ ရိုးရာလှေလှော် ခတ်နည်းသည် ကမ္ဘာပေါ်တွင် မည်သည့်နေရာ မှာမှ မြင်တွေ့လို့မရနိုင်သည့် လှော်ခတ်နည်း တစ်ခုဖြစ်ပြီး အင်မတန်ထူးခြားလှပေသည်။ အင်းသား အင်းသူတို့၏ ရိုးရာလှေလှော်ခတ် နည်းသည် လှေဦးထိပ်တွင် မတ်တတ်ရပ်လျက် ခြေထောက်တစ်ဖက်တည်းဖြင့် လှော်ခတ် ရခြင်းဖြစ်သည်။ ထို့ကြောင့် အင်းသားလူမျိုး များကို "လှေကိုလက်နှင့် မလှော်၊ ခြေထောက် နှင့်လှော်" ဟူ၍ ဆိုစမှတ်ပြုကြသည်။ အင်းသား အင်းသူတို့၏ ထူးခြားဆန်းပြား ‌သော ယဉ်ကျေးမှုပြယုဂ်တစ်ခုပင် ‌ဖြစ်ပေ သည်။

 

အင်းလေးကန်အတွင်း နေထိုင်ကြသည့် အင်သား အင်းသူများသည် လှေကို ခြေထောက်နဲ့သာမက လက်ဖြင့်လည်း ကျွမ်းကျင်ပိုင်နိုင်စွာ လှော်ခတ်တတ်ကြသူ များဖြစ်သည်။ ကလေးငယ်များပါမကျန် လှော်ခတ်တတ်ကြ‌‌သည်။ ခြေထောက်ဖြင့် လှေလှော်ခတ်ခြင်း (လှေခြေပယ်တင်လှော် ခြင်း) အတတ်ပညာကို အင်သား အင်းသူများ အနေဖြင့် အထူးတလည် သင်ယူနေစရာ မလိုအပ်ပေ။ မိမိတို့၏ မိဘညီအစ်ကို မောင်နှမ သားချင်းတို့၏ လှော်ခတ်မှုကို မြင်ရကြားရရုံ ဖြင့် အလွယ်တကူ တတ်မြောက်သွားကြသည်။ အင်းသား အင်းသူ မဟုတ်ပါက ခြေထောက်ဖြင့် လှော်ခတ်ရန် အင်မတန်ခက်ခဲသည့် အလုပ် တစ်ခုလို ဖြစ်နေမည်။ သို့သော် သေသေချာချာ သင်ယူမည်ဆိုပါက တတ်မြောက်နိုင်ပါသည်။

 

အင်းသား အင်းသူတို့၏ ခြေထောက်ဖြင့် လှေလှော်ခတ်မှုသည် ပြည်တွင်းခရီးသွားများ ကိုသာမက ပြည်ပခရီးသွားများကိုပါ စိတ်ဝင် တစား ဆွဲဆောင်လျက်ရှိနေပါသည်။ ထို့ကြောင့် အင်းသား အင်းသူတို့ လှေလှော် ခတ်မှုသည် အင်းလေးဒေသခရီးသွားလုပ်ငန်း ကို ပိုမိုဖွံ့ဖြိုးတိုးတက်စေပါသည်။ "အင်းသား လှေလှော် ကမ္ဘာကျော် ကမ္ဘာကျော်တဲ့ တို့အင်းသား" ဟူ၍ ဆိုရိုးပြုကြရသည်အထိ အင်သားလူမျိုးများကို ကမ္ဘာကပါ သိရှိလာခဲ့ ကြခြင်းဖြစ်သည်။ ခြေထောက်ဖြင့် လှေလှော် ခတ်သည့် အတတ်ပညာသည် အခုမှ ဗြုန်းခနဲ ပေါ်လာသည့် အတတ်ပညာ မဟုတ်ချေ။ အင်းသား အင်းသူတို့၏ ဘိုးဘွားတွေ လက်ထက်ကတည်းက သမိုင်းအကြောင်းအရာ ခိုင်မာစွာဖြင့် အတူရှိနေသည့် အင်းသားရိုးရာ လှေလှော်ခတ်မှု အတတ်ပညာတစ်ခုလည်း ဖြစ်သည်။ ဤကဲ့သို့ အစဉ်အလာကြီးမားခဲ့သည့် ရိုးရာလှေလှော်ခတ်မှုကို ပျောက်ပျက်မသွားရ လေအောင် တန်ဖိုးထားထိန်းသိမ်းရန်လည်း အထူးလိုအပ်လှပေသည်။

 

နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သော အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီပွဲအခမ်းအနားတွင် ခြေထောက်ဖြင့် လှေလှော်ခတ်ရသည့် ရိုးရာလှေလှော်ပြိုင်ပွဲ ကြီးကို ဂုဏ်ယူစွာ ထည့်သွင်းယှဉ်ပြိုင် ကြသည်။ အင်းသား အင်းသူတို့၏ဘဝအလှကို သိရှိလာစေရန် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်လာစေရန် ခြေထောက်ဖြင့် လှေလှော်ခတ်မှု ပျောက်ပျက် မသွားစေရန်နှင့် မျိုးဆက်သစ်လူငယ်များအား ရိုးရာလှေလှော်ခတ်မှုကို ပိုမိုစိတ်ဝင်စား‌လာ ကြစေရန် စသည့်ရည်ရွယ်ချက်ကောင်းများနှင့် ပြုလုပ် ယှဉ်ပြိုင်ကြခြင်းလည်းဖြစ်သည်။ သို့သော်လည်း ယခုနှစ်တွင်မူ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ကျင်းပနိုင်ဖွယ် မရှိပေ။

 

ခြေထောက်ဖြင့် လှေလှော်ခတ်ရသည့် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲသည် အင်းသား အင်းသူတို့၏ ကိုယ်ပိုင်အားကစားနည်းဟု လည်းဆိုရပေမည်။ အဆိုပါ ကစားနည်းကို ကမ္ဘာမှာ မြန်မာတစ်ဦးတည်း မြန်မာမှာ အင်းသားလူမျိုးတစ်ဦးတည်းတွင်သာ တွေ့ရ၊ မြင်ရခြင်းမှာ ရှားပါးပြီး ဂုဏ်ယူဖွယ်ကောင်း လွန်းလှသည်။ အင်းရိုးရာလှေလှော်ပြိုင်ပွဲတွင် အမျိုးသားများနှင့်တန်းတူ အမျိုးသမီးများ ကိုလည်း ပါဝင်ယှဉ်ပြိုင်ခွင့်ပြုထားသည်။ အင်းရိုးရာလှေလှော်ပြိုင်ပွဲတွင် အသုံးပြုသည့် လှေအမျိုးမျိုး ရှိကြသည်။ ၀င်ရောက်ယှဉ်ပြိုင် ကြမည့် လူဦး‌ရေနှင့် ပြိုင်ပွဲအမျိုးအစားပေါ် မူတည်၍ အသုံးပြုရမည့် လှေအမျိုးအစား လည်း ကွဲပြားသွားသည်။

 

ရိုးရာလှေလှော်ပြိုင်ပွဲတွင် အသုံးပြုသည့် လှေအမျိုးအစားများမှာ နှစ်ကျိပ်ခြောက်လှေ၊ လေးကျိပ်ခြောက်လှေနှင့် ရာကျော်လှေဆိုပြီး အမျိုးမျိုးရှိကြသည်။ နှစ်ကျိပ်ခြောက်လှေ ဆိုသည်မှာ အမျိုးသမီးပြိုင်ပွဲအတွက် အသုံးပြု ပြီး လူဦးရေ ၂၆ ဦးခန့် စီးနင်းယှဉ်ပြိုင်နိုင်သည့် လှေအမျိုးအစားဖြစ်သည်။ လေးကျိပ် ခြောက်လှေဆိုသည်မှာ အငယ်တန်းအမျိုးသား ပြိုင်ပွဲဝင်များအတွက် အသုံးပြုပြီး လူဦးရေ ၄၆ ဦးခန့် စီးနင်းယှဉ်ပြိုင်နိုင်ပါသည်။ ရာကျော်လှေဆိုသည်မှာ အမျိုးသားပြိုင်ပွဲဝင် တွေအတွက် ရည်ရွယ်ပြီး လူဦးရေ ၁၀၀ ကျော် အထိ စီးနင်း၍ပြိုင်ပွဲဝင်နိုင်သည့် လှေအမျိုး အစားဖြစ်သည်။ သို့သော်လည်း ရိုးရာလှေလှော် ပြိုင်ပွဲတွင်မူ အမှန်တကယ်စီးနင်းနိုင်သည့် ဦးရေအောက်လျော့၍ စီးနင်းယှဉ်ပြိုင်လေ့ရှိကြ သည်။

 

အနိုင်ရသည်ဟု သတ်မှတ်

 

ရှေးယခင်က အင်းသားရိုးရာ လှေပြိုင်ပွဲကို လူပေါင်း ၄၆ ဦး လှော်ခတ်ရသည့် လေးကျိပ်ခြောက်ပြိုင်လှေများနှင့်သာ ယှဉ်ပြိုင် ရပြီး လူရာကျော် လှော်ခတ်သည့် လှေကြီးများ ကို ကရဝိက်ဖောင်တော် ဆွဲယူလှော်ခတ်သည့် နေရာတွင်သာ အသုံးပြုခဲ့ကြသည်။ နောက်ပိုင်း တွင် လေးကျိပ်ခြောက်လှေပြိုင်လှေများအစား ရာကျော်လှေများကိုသာ တည်ဆောက်လာ သည့်အတွက် လေးကျိပ်ခြောက်လှေများ ရှားပါးလာခဲ့သည်။ ထို့ကြောင့် လှေပြိုင်ပွဲများ တွင် အမျိုးသားရာကျော် လှေများကိုပါ ပြိုင်ပွဲ၌ ထည့်သွင်း ကျင်းပလာခဲ့ခြင်းဖြစ်သည်။ အင်းသားရိုးရာလှေပြိုင်ပွဲ၏ ထူးခြားမှုသည် ပန်းတိုင်သို့ ဦးစွာဝင်ရောက်လာသည့် အသင်းကို အနိုင်ရအသင်းဟု မသတ်မှတ်ဘဲ ပန်းဝင်လာသည့်အသင်းသည် ပန်းတိုင်စင်တွင် တွေ့ရသည့်ပန်းစကို ရယူနိုင်မှသာလျှင် ပန်းရ ပြီး အနိုင်ရသည်ဟု သတ်မှတ်သည်။

 

အင်းသား အင်းသူများသည် တစ်နေရာမှ တစ်နေရာသို့ သွားလိုသည့်အခါ လှေကို ခြေထောက်ဖြင့်သာ လှော်ခတ်သွားလာလေ့ ရှိကြသည်။ အင်းသား အင်းသူတိုင်း ခြေထောက်ဖြင့် လှေလှော်ခတ်တတ်ကြရစမြဲ ဖြစ်သည်။ သို့သော်ငြားလည်း တိုးတက်လာ သော ယနေ့ခေတ်တွင်မူ အင်းသား အင်းသူ တိုင်း ခြေထောက်ဖြင့် လှေလှော်ခတ်မှု နည်းသည်ထက် နည်းပါးလာသည်ကို တွေ့မြင် ရပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ လှေငယ်တွင် စက်တပ်၍ မောင်းနှင်သွားလာမှုကြောင့်ပင် ဖြစ်သည်။ ပိုမိုတိုးတက်ကောင်းမွန်လာသည်ဟု ဆိုရမည်ဖြစ်သော်လည်း တစ်ဖက်တွင်လည်း ခြေထောက်နှင့် လှေလှော်ခတ်သည့် ရိုးရာ အတတ်ပညာ ပျောက်ကွယ်သွားနိုင်သည်။

 

နောင်တစ်ချိန်တွင် အင်းလေးဒေသ၌ ခြေထောက်ဖြင့်လှေလှော်ခတ်၍ သွားလာမှုကို မြင်တွေ့နိုင်ဖို့ လွန်စွာခဲယဉ်းသွားလိမ့်မည် ဖြစ်သည်။ ထို့ပြင် တချို့သောအင်းသား အင်းသူများသည် ခြေထောက်ဖြင့် လှေလှော် ခြင်း(လှေခြေပယ်တင်လှော်ခြင်း)မပြုတတ်‌ကြ တော့သည်ကို ဝမ်းနည်းဖွယ်တွေ့မြင်နေရပါ သည်။ ဤသို့ဖြစ်ရခြင်းသည် စက်တပ်လှေငယ် အသုံးပြုမှုများလာခြင်းနှင့် ရိုးရာလှေလှော် ခတ်မှုအပေါ်မှာ စိတ်ဝင်စားမှုနည်းပါးလာ ခြင်းတို့၏ အကျိုးဆက်များကြောင့်ပင်ဖြစ် သည်။

 

အဓွန့်ရှည်တည်တံ့အောင်

 

မည်သို့ပင်‌ဖြစ်စေကာမူ နောင်လာ နောက်သားများအနေဖြင့် ရိုးရာအစဉ်အလာ ကြီးမားခဲ့သော ခြေထောက်ဖြင့် လှေလှော်ခတ် ခြင်းရိုးရာအတတ်ပညာကို မတိမ်ကော မပျောက်ပျက်ရလေအောင် ဝိုင်းဝန်းထိန်းသိမ်း ကြရမည် ဖြစ်ပါသည်။ ဆိုလိုသည်မှာ‌ ခြေပယ် တင်လှော်ခြင်းကို ပြုကြစေလိုခြင်းဖြစ်ပါ သည်။ ခြေထောက်ဖြင့် လှေလှော်ခြင်းရိုးရာ အတတ်ပညာကို အဓွန့်ရှည်တည်တံ့အောင် အင်းသား အင်းသူများအပါအဝင် ဌာနဆိုင်ရာ တို့မှ ထိန်းသိမ်းဆောင်ရွက်ပေးခြင်းများ၊ ဂုဏ်ပြုချီးမြှောက်ပေးခြင်းများ ပြုလုပ်ပေးရန် လည်း အထူးလိုအပ်လှသည်။ ထိုသို့ ပြုလု‌ပ်ပေးခြင်းဖြင့် အင်းသား အင်းသူတို့၏ ခြေထောက်ဖြင့် လှေလှော်ခတ်ခြင်းကို ကမ္ဘာတည်သရွေ့ မြင်တွေ့နေကြရဦးမည်ဖြစ်ပါ ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

 

လူခဲ(အင်းလေး)