နတ်မောက်ဆည် ရေလှောင်တမံ ရေပိုလွှဲမှ  ၁ ဒသမ ၆ ပေ ရေကျော်

နတ်မောက်                  စက်တင်ဘာ                 ၂၈

 

မကွေးတိုင်ဒေသကြီး၊ နတ်မောက်မြို့နယ်တွင် စက်တင်ဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နတ်မောက်ဆည် ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှု တိုးလာသဖြင့် စက်တင်ဘာ ၂၈ ရက် နံနက် ၆ နာရီ တိုင်းထွာချက်အရ ရေပိုလွဲမှ ၁ ဒသမ ၆ ပေ ရေကျော်လျက်ရှိကြောင်း တမံတာဝန်ခံ(AE)ထံမှ သိရသည်။

 

နတ်မောက်ရေလှောင်တမံ ရေပြည့်အမှတ်မှာ ၆၈၃ ပေ ဖြစ်ပြီး စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်း တိုင်းထွာ ချက်အရ ၆၈၄ ဒသမ ၆ ပေရှိသည့်အတွက် ၁ ဒသမ ၆ ပေ ရေကျော်ကျလျက်ရှိကြောင်း သိရသည်။

 

“ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိသော်လည်း တမံအောက်ဘက်ရှိ ဒေသခံပြည်သူများအနေနဲ့ စိုးရိမ်ဖွယ် မရှိပါဘူး၊ မျက်မြင်စစ်ဆေးမှု အခြေအနေများအရ တမံနှင့် တမံဆက်စပ် ရေအား အဆောက်အအုံများ အားလုံး ကြံ့ခိုင်ကောင်းမွန်ပါတယ်၊ ကျွန်တော်တို့ ဝန်ထမ်းတွေကလည်း တမံအတွင်း ရေဝင်ရောက်မှု အခြေအနေနဲ့ တမံရေပိုလွှဲမှ ရေကျော်ကျမှု အခြေအနေတွေကို ဒေသခံပြည်သူတွေသိရှိအောင် အချိန်နဲ့တစ်ပြေးညီ အသိပေးနှိုးဆော်ဆောင်ရွက်ပေးပါတယ်ဟု ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ  တာဝန်ခံ(AE) ဦးထိန်လင်းက ပြောပြသည်။

 

သင်းသင်းမြတ်