ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့မှ ဆင်တုံးမနွယ် ရှာဖွေရောင်းချသူများ မိသားစုစီးပွားရေး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိ

ညောင်ဦး၊ ၁၁ ဖေဖော်ဝါရီ 

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့မှ ကျေးလက်တောင်သူများ အလေ့ကျပေါက်သည့် ဆင်တုံးမနွယ်ရှာဖွေရောင်းချခြင်းဖြင့် မိသားစုစီးပွားရေး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိနေကြောင်း ငါ့သရောက်မြို့ တမာခါးကျေးရွာ ဦးစိန်မြင့်က ပြောသည်။

 

ညောင်ဦးမြို့နယ်မှ ကျေးလက်တောင်သူများ၊ ငါ့သရောက်မြို့မှ ကျေးလက်တောင်သူများသည် ဆင်တုံးမနွယ်ပင်များ ရှာဖွေခြင်းအား မိသားစုလိုက်သော်လည်းကောင်း၊ တစ်ဦးတည်းသော်လည်းကောင်း ရှာဖွေကြကာ လက်မဝက်လောက် ဓားဖြင့်စဉ်း၍ မစိုမခြောက်နေပူလှန်းကာ ပခုက္ကူမြို့ ပွဲရုံများသို့ ကိုယ်တိုင်သွားရောက် ရောင်းချကြကြောင်း သိရသည်။ ကိုယ်တိုင်သွားရောက် မရောင်းချနိုင်ပါကလည်း ဆင်တုံးမနွယ်များကို ကိုယ်တိုင်လာရောက် ဝယ်ယူကြကြောင်းသိရပြီး ရွတ်ပြင်းပြင်းမစိုမခြောက် ဆင်တုံးမနွယ်တစ်ပိသာ (၄၀၀)ကျပ်ဈေး ရောင်းချရကြောင်း ညောင်ဦးမြို့မှ ဆင်တုံးမနွယ်ပင်များ ရှာဖွေရောင်းချနေသည့် ဦးဝင်းစိုးက ရှင်းပြသည်။

 

“ကျွန်တော်တို့ မိသားစုသုံးယောက် ရှေးဟောင်းဇုန်ထဲမှာရှိ ခြုံနွယ်သစ်ပင်များထဲက သစ်ပင်တွေပေါ်ကနေ တွဲလောင်းကျနေတဲ့ ဆင်တုံးမနွယ်ပင်တွေ၊ ကမ်းပါးယံပေါ်က ဆင်တုံးမနွယ်ပင်တွေကို မိသားစုသုံးယောက် လိုက်လံခုတ်ယူကြရာ တစ်နေ့ သုံးဘီးတစ်စီး တိုက်ရတဲ့နေ့ရှိသလို သုံးဘီးတစ်ဝက်လောက်ပဲ ရတဲ့နေ့လည်းရှိတယ်” ဟု ဦးဝင်းစိုးက ရှင်းပြသည်။

 

ဆင်တုံးမနွယ်ပင်များသည် အလေ့ကျပေါက်လေ့ရှိပြီး သစ်ပင်ကြီး၊ သစ်ပင်ငယ်များပေါ် တွယ်ကပ်ပေါက်ရောက်သည့် နွယ်မျိုးဖြစ်ကာ နွယ်ရုံကြီးပါက တစ်ပင်တည်းနှင့် ပိဿာချိန် အများကြီးရကြောင်း၊ ဆင်တုံးမနွယ်ပင်သည် မြေကြီးပေါ် (သို့မဟုတ်) သစ်ပင်ပေါ်တို့တွင် အပင်ကျသည့်နေရာ ရှင်သန်ကြောင်း၊ ဝယ်ယူသူများက တရုတ်နိုင်ငံသို့ မန္တလေးမှတစ်ဆင့် ပြန်လည်ရောင်းချကြောင်း သိရကာ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများနှင့် ငါ့သရောက်မြို့ ကျေးလက်တောင်သူများ ဆင်တုံးမနွယ်ပင်များ ရှာဖွေရောင်းချခြင်းဖြင့် မိသားစုတစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိနေကြကြောင်း ဆင်တုံးမနွယ်ရှာဖွေ ရောင်းချနေသူများက ပြော၍ သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)