မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ သီရိမင်္ဂလာကုန်တင်ယာဉ်ရပ်နားစခန်းတွင် ငွေကျပ် ၇ ဒသမ ၆၅ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊  ၁၁  ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ သီရိမင်္ဂလာကုန်တင် ယာဉ်ရပ်နား စခန်း တွင် ငွေကျပ် ၇ ဒသမ ၆၅ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ယင်းသတင်းထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၉ ရက် နံနက် ၅ နာရီခွဲတွင် နောင်ချိုမြို့နယ်၊ အိုရီရမ်တယ် တိုးဂိတ်အနီး၌ ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်မှ မန္တလေးသို့ ကျော်ဝင်းထွန်း (ခ)ကိုလင်း‌ မောင်းနှင်ပြီး အောင်မိုးကျော် လိုက်ပါလာသော Canter မော်တော် ယာဉ်ပေါ်တွင် ‌ပြောင်းဖူးအိတ်များအောက်၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိုဝှက် သယ်ဆောင်လာကြောင်း။

 

စစ်ဆေး ပေါ်ပေါက်ချက်အရ အဆိုပါယာဉ်အား လျှို့ဝှက်ကြပ်မတ်၍ စိတ်ကြွရူးသွပ် ဆေးပြားများအား စောင့်ယူမည့်သူ  ဖြိုးဝေသိန်း(ခ)စောမင်းခန့် အား နံနက် ၁၀ နာရီခွဲခန့်တွင် ပြင်ဦးလွင်မြို့နယ် မြိုင်ကြီးကျေးရွာအနီး၌ Wish မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိ ခဲ့ပြီး ၎င်းအား စစ်ဆေးဖော်ထုတ်ချက်အရ အမရပူရမြို့နယ်၊ သီရိမင်္ဂလာကုန်တင် ယာဉ်ရပ်နား စခန်းတွင် တစ်ဆင့်လွှဲပြောင်း ပေးရမည်ဖြစ်ကြောင်း။

 

ကွင်းဆက်တရားခံများ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် အဆိုပါယာဉ်များကို ကြပ်မတ် ထိန်းသိမ်းကာ ဆက်သွယ်ချိန်းဆိုသောနေရာ၌ စောင့်ကြည့်နေစဉ် ညနေ ၅ နာရီခွဲတွင်  စိတ်ကြွ ရူးသွပ်ဆေးပြားများအား လာရောက်လက်ခံယူသော စိုင်းအောင်အောင်ဦး၊  ချစ်ကိုကိုနှင့် သိန်းမြင့်ဇော် တို့ ၃ ဦးအား မော်တော်ယာဉ် ၂ စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး Canter ယာဉ်ပေါ်မှ ငွေကျပ် ၇ ဒသမ ၆၅ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၁ သန်းအား သိမ်းဆည်း ရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်တရားခံများ ဖော်ထုတ်ဖမ်းဆီး ရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)