မန်းရွှေစက်တော်ဘုရားကြီးရှိ ရင်ပြင်တော်သန့်ရှင်းရေး စုပေါင်းဆောင်ရွက်

မင်းဘူး             စက်တင်ဘာ                 ၂၈

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီးရှိ မန်းချောင်းရေသည် စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက ပြန်လည်ကျဆင်းသွားပြီး ရင်ပြင်တော်သန့်ရှင်းရေးများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရွှေစက်တော်ဘုရား မန်းချောင်းအထက်ပိုင်းရှိဒေသများတွင် ယခုရက်ပိုင်း မိုးများသည်းထန်စွာ ရွာသွန်း ခဲ့မှုကြောင့် ယမန်နေ့နံနက်ပိုင်းက မန်းချောင်းရေများတိုးမြင့်လာကာ အောက်ခြေတော်ရာ ရင်ပြင်အထက် တစ်ပေခန့် ဖြတ်ကျော်စီးဆင်းခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းက ရင်ပြင်တော်အောက် နှစ်ပေခန့် ပြန်လည် ကျဆင်းသွားပြီဖြစ်ကြောင်း ဘုရားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြည်လွင်က ပြောပြသည်။

 

မန်းချောင်းရေကျဆင်းသွားသည့်အတွက် အောက်ခြေတော်ရာ ရင်ပြင်တော်အပေါ်၌ ရေစီးနှင့် အတူမျောပါ ကျန်ရစ်ခဲ့သော အမှိုက်သရိုက်နှင့် နုန်းမြေများ ဆယ်ယူရှင်းလင်းခြင်း၊ ရင်ပြင်တော်ဆေးကြော သန့်စင်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဝင်များ၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဘုရားကြီးအနီးနားရှိ ဒေသခံပြည်သူများက စုပေါင်း ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြ ကြောင်း မန်းရွှေစက်တော်ဘုရား ကျန်းမာသန့်ရှင်းတာဝန်ခံ ဦးမြင့်နိုင်(ငဖဲ)ထံမှ သိရသည်။

 

မောင်မောင်(မင်းဘူး)