မြန်မာ့ရေထွက်ကုန်များ အဓိကတင်ပို့သည့် ထိုင်းနိုင်ငံအနေဖြင့် ရေထွက်ကုန်များ ၀ယ်ယူမှုရှိသော်လည်း  ဈေးနှုန်းမှာမူ ထက်၀က်ခန့် ကျဆင်း

၁၂ ဇန်နဝါရီ

မြန်မာ့ရေထွက်ကုန် အဓိကတင်ပို့သည့် ထိုင်းနိုင်ငံအနေဖြင့် ရေထွက်ကုန်များ ၀ယ်ယူမှုရှိသော် လည်း  ဈေးနှုန်းမှာမူ ထက်၀က်ခန့် (၅၀ ရာခိုင်နှုန်းထိ) ကျဆင်းနေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောသည်။

လက်ရှိ ထိုင်းနိုင်ငံသို့ ကော့သောင်း - ရနောင်း နယ်စပ် ကုန်သွယ်ရေးဂိတ်မှ အများဆုံးတင်ပို့သည့် ပလာတူး ငါးအမျိုးအစားမှာ ယခင်နှစ်က တစ်ကီလိုလျှင် ဘတ် ၁၀၀ မှ ၁၂၀ အထိ ရရှိခဲ့သော်လည်း ယခုအခါ တစ်ကီလိုလျှင် ဘတ် ၅၀ မှ ၅၅ ဘတ်သာ ရရှိသဖြင့် ထက်၀က်ခန့် ကျဆင်းလာကြောင်း သိရသည်။

"ထိုင်းက ကုန်ပစ္စည်းကိုတော့ ၀ယ်တယ်၊ ဈေးတွေ ချပလိုက်တယ်၊ ရေထွက်ပစ္စည်းတွေက ဈေးကျသွား တယ်၊ ဈေးကျတော့ ၀င်ငွေ လျော့သွားတယ်၊ လက်ရှိ ထိုင်းနိုင်ငံကို  ကော့သောင်း - ရနောင်း နယ်စပ် ကုန်သွယ်ရေး ဂိတ်ကနေ အများဆုံးတင်ပို့တဲ့ ပလာတူးငါးဆိုရင် အံ့သြစရာ ကောင်းတယ်၊  ၅၀ ရာခိုင်နှုန်း လောက်ထိ ဈေးကျသွားတယ်"ဟု ဦးဝင်းကြိုင် က ပြောသည်။

လက်ရှိ ထိုင်းနိုင်ငံသို့ အဓိက တင်ပို့သည့် နယ်စပ်ကုန်သွယ်ရေးဂိတ်ပေါက်လေးခုရှိပြီး ယင်းမှာ  ကော့သောင်း-  ရနောင်း၊ မြိတ် - မောတောင်၊ ထား၀ယ် - ထီးခီး၊ မြ၀တီကုန်သွယ်ရေးဇုန်တို့ ဖြစ်ကာ ထီးခီးနှင့် မောတောင်ဂိတ်ကိုမူ ထိုင်းဘက်မှ ပိတ်ထားကြောင်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံနှင့် အများဆုံး ကုန်သွယ်မှုပြုသည့် ကော့သောင်း - ရနောင်း နယ်စပ် ကုန်သွယ်ရေးဂိတ်မှာ လုံး၀ မပိတ်သော်လည်း ကိုဗစ် 19 ကူးစက်မှုကို ထိန်းချုပ်ရန်အတွက် ထိုင်းဘက်ကမ်းသို့ ကုန်သည်များ တက်ခွင့်မပေးဘဲ ကုန်ပစ္စည်း အရောင်းအ၀ယ်သာ ခွင့်ပြုပေးထားကြောင်း၊  ကော့သောင်း- ရနောင်း နယ်စပ် ကုန်သွယ်ရေးဂိတ်သည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ထိုင်းနိုင်ငံသို့ ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၁၈ သန်းရရှိခဲ့သည့်အနက် ယင်းဂိတ်သည် အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကျော်ဖိုးအထိ တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

ထိုင်းနိုင်ငံသည် မြန်မာ့ရေထွက်ကုန်များကို အများဆုံး ၀ယ်ယူသည့် နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၈၅၀ ကျော် ရရှိခဲ့သည့်အနက် ထိုင်းနိုင်ငံက အမေရိကန်ဒေါ်လာ ၃၁၈ သန်း တင်ပို့နိုင်ခဲ့သည်။

ယခုဘဏ္ဍာနှစ်တွင်လည်း မူလက အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ မျှော်မှန်းထားပြီး လက်ရှိ အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၁ ရက်နေ့ အထိ  ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၄၂ ဒသမ ၃၅၂ သန်း ရရှိထားကာ ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူတွင် ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၆၁ ဒသမ ၉၉၄ သန်း ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ထို့ကြောင့် ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှုမှာ ပြီးခဲ့သည့် ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၆၄၂ သန်း လျော့ကျခဲ့သည်။

မြန်မာ့နိုင်ငံအနေဖြင့် ရေထွက်ကုန်များကို နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ တင်ပို့နေရကာ ထိုင်းနိုင်ငံမှာ အများဆုံးတင်ပို့ပြီး တရုတ်နိုင်ငံမှာ ဒုတိယ အများဆုံး ဖြစ်သည်။

ငြိမ်းငြိမ်း