မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ (၂၀၁၈-၂၀၁၉) ခုနှစ်၊ နှစ်ပတ်လည်မျက်နှာစုံညီအစည်းအဝေးသို့  တက်ရောက်

ရန်ကုန် ၁၄ စက်တင်ဘာ 


မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ (၂၀၁၈-၂၀၁၉)ခုနှစ်၊ နှစ်ပတ်လည်မျက်နှာစုံညီ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် သူနာပြုတက္ကသိုလ်(ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့ကို ၁၉၉၉ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့သည်ဖြစ်၍ ယခုဆိုလျှင် နှစ်ပေါင်း (၂၀)ရှိပြီဖြစ်ပါကြောင်း၊ စတင်ဖွဲ့စည်းစဉ်က ရည်ရွယ်ချက် (၅)ရပ်၊ လုပ်ငန်းတာဝန် (၁၅)ရပ်၊ လုပ်ပိုင်ခွင့် (၅)ရပ်တို့ဖြင့် ဖွဲ့စည်းခဲ့ပြီး ယခုအခါ ပြောင်းလဲလာသော မူဝါဒ၊ ကျန်းမာရေးစနစ်တို့နှင့် လိုက်လျောညီထွေ ရှိ/ မရှိကို အစည်းအဝေးတစ်ခုခေါ်ကာ သေသေချာချာ သုံးသပ်၍ ပြောင်းလဲသင့်သည်ကို ပြောင်းလဲကြရမည်ဖြစ်ကြောင်း။


မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့အနေဖြင့် မိမိတို့ဝန်ကြီးဌာန၏ ဦးစားပေးလုပ်ငန်းများနှင့် လက်ရှိဆောင်ရွက်နေသည်များကို သိရှိစေရန်လည်း အတိုချုပ်ပြောကြား လိုပါကြောင်း၊ ပထမတစ်ချက်မှာ လူနာများဘေးကင်းလုံခြုံမှု (Patient Safety) ဖြစ်ပါကြောင်း၊ ၎င်းနယ်ပယ်မှာ အလွန်ကျယ်ပြန့်ပြီး လူနာအားကုသမှု၊ ဓါတ်ခွဲစမ်းသပ်မှု၊ ပုံရိပ်ဖော်စမ်းသပ်ခြင်း၊ ဆေးဝါးဗေဒအစရှိသဖြင့် ဘာသာရပ်များစွာပါဝင်ကြောင်း၊ လူနာများဘေးကင်းလုံခြုံမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို မကြာသေးမီကကျင်းပခဲ့ပြီး ၎င်းဆွေးနွေးပွဲ၏ အစီရင်ခံစာကိုလည်း မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့သို့ ဖြန့်ဝေပေးပို့မည်ဖြစ်ကြောင်း။


အမျိုးသားကျန်းမာရေးမူဝါဒကို ပြန်လည်ရေးဆွဲနိုင်ရေး စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ‘လုပ်ပိုင်ခွင့်ကို ခွဲဝေပေးခြင်း’ စတင်ကျင့်သုံးမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူးများ၏ လုပ်ပိုင်ခွင့်များပိုမို ခွဲပေးသွားမည်ဖြစ်ပြီး ဗဟိုအနေဖြင့် စံလုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းလမ်းညွှန်များ ထုတ်ဝေညွှန်ကြားခြင်းကဲ့သို့ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။


Paperless Workshop ဟုခေါ်သည့် စာရွက်စာတမ်းကို လုံးဝအသုံးမပြုသည့် အလုပ်ရုံ ဆွေးနွေးပွဲများမကြာခင် စတင်ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း၊ အီလက်ထရောနစ် ရုံးစာစနစ်ကိုလည်းမကြာခင် စတင်နိုင်တော့မည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်နေသည်များကို မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့သို့ ပုံမှန်ပေးပို့ အသိပေးသွားမည်ဖြစ်ကြောင်း။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ပြတ်သားသော၊ လက်တွေ့တွင် ဖြစ်နိုင်ချေရှိသော၊ ရှေ့ကိုကြိုတင်တွေးဆမြော်မြင်သော၊ အပြုသဘောဆောင်သော ဝေဖန်အကြံပြုချက်များကို မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ထံမှ ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုမိုတိုးတက်စေရေးအတွက် မိမိတို့ဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွက်၍မရနိုင်ဘဲ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ အပါအဝင် အခြားပညာရှင်အဖွဲ့များ၊ မိတ်ဘက်အဖွဲ့များနှင့် ပိုမိုပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပညာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာနေဝင်းဦးမှ “ပညာရေးဝန်ကြီးဌာန၏ အဆင့်မြှင့်တင်ရေး ပြုပြင်ပြောင်းလဲမှုများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပါမောက္ခဒေါက်တာ အေးမောင်ဟန်မှ “မြန်မာနိုင်ငံရှိ ဘွဲ့ကြိုကျောင်းသားများအတွက် ၂၁ ရာစု ဆေးပညာ သင်ကြားရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးမှ “ဘွဲ့လွန်ဆေးပညာ သင်ကြားရေးဆိုင်ရာ လက်တလောဖွံ့ဖြိုးတိုးတက်မှုများနှင့် ရှေ့ခရီး” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်