မြန်မာ့လယ်ယာထွက်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်

mdn

နေပြည်တော် ၂၂ ဇူလိုင်

 

မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား အပင်နှင့် အပင်ထွက်ပစ္စည်း ကုန်သွယ်မှုပြုရာတွင် သီးနှံဖျက်ပိုး ကျရောက်မှုအန္တရာယ် စိစစ်တွက်ချက်ရန် သတင်းအချက်အလက်ဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာ့လယ်ယာထွက်ကုန်များအား တိုးမြှင့်တင်ပို့နိုင်ရေးဆိုင်ရာ ကိစ္စရပ်များအား ဇူလိုင် ၂၀ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ United States Department of Agriculture (USDA) မှ Undersecretary ဖြစ်သူ Mr. Mc Kinney ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံ၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

 

ထို့အပြင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာမှ တောင်သူဦးအောင်၏ လယ်မြေတွင် SRI (စက်စိုက်) စနစ်ဖြင့် စိုက်ပျိုးထားသော ပြည်တော်ရင်စပါးစိုက်ကွင်း၌ ရိတ်သိမ်း ခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်းနှင့် ရွေ့လျားစပါးအခြောက်ခံစက် အသုံးပြုဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု အားပေးသည်။

 

တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ လက်တွေ့အမှန်တကယ်ဖွံ့ ဖြိုးလာစေရေး ကြိုးပမ်းဆောင်ရွက်ကြရာတွင် ရာသီဥတုအပါအဝင် ရင်ဆိုင်ကြုံတွေ့နိုင်သော စိန်ခေါ်မှုများအား အောင်မြင်စွာ ကျော်ဖြတ်နိုင်ရေး၊ မျိုးကောင်းမျိုးသန့်အသုံးပြုရေး၊ စိုက်ပျိုးနည်းစနစ်နှင့် သွင်းအားစုမှန်ကန်ရေးတို့သာမက ရိတ်သိမ်းခြွေလှေ့သည်မှ သိုလှောင်ခြင်း၊ တင်ပို့ရောင်းချခြင်းစသည့် ထုတ်လုပ်မှုကွင်းဆက် တစ်လျောက်တွင် လေလွင့်မှုမရှိရေး၊ သီးနှံအရည်အသွေးထိခိုက်မှုမရှိစေရေး တို့ကိုပါ ထည့်သွင်းတွက်ချက်ပြီး တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ထိန်းကျောင်းကူညီပေးကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှသိရသည်။

 

သိမ့်သိမ့်မိုး (မြန်မာ့အလင်း)