မြန်မာအသင်းယှဉ်ပြိုင်မည့် ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲအတွက် အသက်ကန့်သတ်ချက် ပြန်လည် အတည်ပြုမည်

ရန်ကုန်   ဇူလိုင်   ၂၇

မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ အတွက် အသက်ကန့်သတ်ချက်ကို ပြိုင်ပွဲကျင်းပရေးက ပြန်လည်အတည်ပြုမည်ဖြစ်သည်။ ဆီးဂိမ်း ပြိုင်ပွဲကို လာမည့်နှစ်သို့ ရွှေ့ဆိုင်းခဲ့သဖြင့် အသက်ကန့်သတ်ချက်ဖြင့် ကျင်းပသည့် ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲအတွက် အသက် ကန့်သတ်ချက်ကို ပြန်လည်အတည်ပြုသွားမည်ဖြစ်သည်။

လာမည့် ဆီးဂိမ်းပြိုင်ပွဲ၏အမျိုးသားဘောလုံး ပြိုင်ပွဲတွင် ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲကို ပုံမှန်ကျင်းပရမည့် ၂၀၂၁ ခုနှစ်၌မဟုတ်ဘဲ ၂၀၂၂ ခုနှစ်တွင် ကျင်းပရမည်ဖြစ်သောကြောင့် အသက်ကန့်သတ်ချက်အား ပြန်လည်အတည်ပြုရမည်ဖြစ်သည်။ ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့သော်လည်း ယခုနှစ်တွင် အသက် ၂၂ နှစ်ရှိသူများကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြု၊ မပြုနှင့် ကျင်းပမည့်နှစ် အပြောင်းအလဲကြောင့် လာမည့်နှစ်တွင် အသက် ၂၂ နှစ်ရှိသူများကိုသာ ယှဉ်ပြိုင်ခွင့်ပြု၊ မပြု ပြန်လည်ဆုံးဖြတ်ရမည်ဖြစ်သည်။ ဗီယက်နမ်အိုလံပစ် ကော်မတီသည် (၃၁) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကို ၂၀၂ ခုနှစ် ဧပြီလကုန် သို့မဟုတ် မေလဆန်းတွင်ကျင်းပရန် လျာထားပြီး ကိုဗစ်-၁၉ ရောဂါအပေါ်မူတည်၍ ပြုလုပ်သွားမည် ဖြစ်သည်။ ထို့ကြောင့် ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် ရက်သတ်မှတ်ပြီးမှသာ အမျိုးသားဘောလုံးပြိုင်ပွဲ အတွက် အသက်ကန့်သတ်ချက်ကိုလည်း ထုတ်ပြန်သွားဖွယ်ရှိနေသည်။

ရဲရင့်လွင်