မြန်မာအသင်းယှဉ်ပြိုင်မည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အိမ်ရှင်နိုင်ငံ မကြာမီအတည်ပြုမည်

သတင်း-ရဲရင့်လွင်

ဓာတ်ပုံ-cambodia sea games 2023

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်ကုန်ပိုင်းတွင် ပြန်လည်ကျင်းပမည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အိမ်ရှင်နိုင်ငံအား မကြာမီ အတည်ပြုမည်ဖြစ်သည်။

 

ယင်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ထိုင်း၊ စင်ကာပူနှင့် ကမ္ဘောဒီးယားနိုင်ငံတို့က လျှောက်ထားပြီး ယင်းသုံးနိုင်ငံအနက် တစ်နိုင်ငံအား ရွေးချယ်သွားမည်ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်အနေဖြင့် လျှောက်ထားသည့်နိုင်ငံများမှ ကိုဗစ်-၁၉ ကပ်ရောဂါအား ထိန်းချုပ်နိုင်သည့် အနေအထားအပေါ်မူတည်၍ ရွေးချယ်သွားဖွယ်ရှိနေသည်။ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၂၀၂၃ ဆီးဂိမ်းပြိုင်ပွဲအတွက် တည်ဆောက်ပြီးစီး သွားသည့် Morodok Techo ဘောလုံးကွင်းတွင်ပြုလုပ်ရန် လျှောက်ထားခြင်းဖြစ်ပြီး ထိုင်းနိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့မှာလည်း အိမ်ရှင်အဖြစ် မကြာခဏကျင်းပနေသောကြောင့် ထပ်မံကျင်းပခွင့်ရရန် လျှောက်ထားခြင်း ဖြစ်သည်။

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ၁၉၉၆ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ကျင်းပသည့်ပုံစံများ အကြိမ်ကြိမ်ပြောင်းလဲခဲ့ပြီး ၁၉၉၆ ခုနှစ်မှ ၂၀ဝ၂ ခုနှစ်ပြိုင်ပွဲအထိ ပွဲစဉ်အားလုံးကို အိမ်ရှင်တစ်နိုင်ငံ သို့မဟုတ် နှစ်နိုင်ငံတွင်သာ ကျင်းပခဲ့ပြီး ၂၀ဝ၂ ခုနှစ် ၂၀၁၆ ခုနှစ်အထိ အုပ်စုနှစ်ခုအား အိမ်ရှင်နှစ်နိုင်ငံရွေးချယ်ကာ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကိုမူ တက်ရောက်သည့်အသင်းများ၏ အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့် ယှဉ်ပြိုင်ကစားစေခြင်း ဖြစ်သည်။

 

၂၀၁၈ ခုနှစ်တွင်မူ ပုံစံထပ်မံပြောင်းလဲကာ အိမ်ရှင်နိုင်ငံ ရွေးချယ်ခြင်းမရှိတော့ဘဲ ပြိုင်ပွဲဝင်အသင်း တစ်သင်းအနေဖြင့် အုပ်စုလေးပွဲကို အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို ယခင်အတိုင်း အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့် ယှဉ်ပြိုင်စေခြင်းဖြစ်သည်။ ယခုနှစ်တွင်မူ ကပ်ရောဂါအခြေအနေကြောင့် ၂၀၁၈ ပြိုင်ပွဲပုံစံအတိုင်း မကျင်းပနိုင်ဘဲ အိမ်ရှင်နိုင်ငံရွေးချယ်၍ ကျင်းပရမည်ဖြစ်သည်။

 

စက်တင်ဘာ ၂၁ ရက်ကပြုလုပ်သည့် အုပ်စုမဲခွဲပွဲတွင် အိမ်ရှင်နိုင်ငံအား အတည်ပြုရန် စီစဉ်ထားသော်လည်း အာဆီယံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အတည်ပြုခဲ့ခြင်းမရှိဘဲ အောက်တိုဘာနှင့် နိုဝင်ဘာမှသာ အတည်ပြုမည် ဖြစ်သည်။ 

 

ပြိုင်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု (A)တွင် ထိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ခြေစစ်ပွဲအောင်အသင်း (တီမော/ဘရူနိုင်း)၊ အုပ်စု (B)တွင် ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် လာအိုတို့ ပါဝင်နေသည်။