မင်းဘူး(စကု)မြို့နယ်အတွင်း၌ ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ကာ သီးနှံစိုက်ခင်းများအတွင်း ရေဝင်ရောက်မှုဖြစ်ပွား

မင်းဘူး  အောက်တိုဘာ  ၁၈

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း ယခုရက်ပိုင်းတွင် မိုးသည်းထန်းစွာ ရွာသွန်းမှုများကြောင့် မန်းချောင်းများနှင့် ရိုးချောင်းများမှ ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ကာ အနိမ့်ပိုင်းကျေးရွာအချို့တွင် ရေဝင်ရောက်ခြင်းနှင့် ကိုင်း၊ ကျွန်း၊ လယ်/ယာမြေများ၌ စိုက်ပျိုးထားသော သီးနှံမျိုးစုံစိုက်ခင်းများအတွင်း ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါဖြစ်စဉ်များကြောင့် မင်းဘူး(စကု)မြို့နယ်အတွင်း အောက်တိုဘာ ၁၇ ရက်က မန်းရွှေစက်တော် ဘုရားကြီးရှိ အောက်ခြေတော်ရာ ရင်ပြင်အထက် (၃)ပေခန့် မန်းချောင်းရေကျော်ခြင်း၊ မင်းဘူး-စကု ကာလမ်းမပေါ် ရေကျော်ခြင်း၊ စကု-လယ်ကိုင်း ကားလမ်းမ ပေါ်သစ်ပင်လဲကျခြင်း၊ စကုမြို့ရှိ သားမွေးချောင်း (နွားကူးရိုး)နှင့် မန်းချောင်းရေကြီးခြင်းကြောင့် ရိုးတလျောက်ရှိ စကုမြို့ပေါ် ရပ်ကွက်အချို့နှင့် ကျေးရွာများတွင် ရေကြီးရေလျှံခြင်း၊ လယ်/ယာမြေများ ရေကြီးနစ်မြုပ်မှုဖြစ်ပွားခြင်း၊ မောင်းမကန်ကျေးရွာ တောင်ဘက် ကန်ဆစ်ကြီးရိုးလမ်းပျက်စီးခြင်း၊ လျှော်ဖြူတောကျေးရွာတွင် မန်းချောင်းရေကြီးခြင်းကြောင့် လျှပ်စစ်မီးတိုင် များလဲကျကာ ယာယီမီးပြတ်တောက်ခြင်းနှင့် ရေတွင်းကုန်းကျေးရွာ ဆားပွက်ချောင်းတံတား ရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သည်။

 

ထို့အပြင် ကန်ရေ၊ ကြီးပင်ကန်၊ တောင်မန်း၊ ပေါက်ပင်တွင်း၊ လက်ခုပင်၊ သမထီး၊ စကာ၊ ကျောက်စစ်ပုံ၊ ပန်းလွှား၊ ရေပုတ်၊ ကုလားပါး၊ မယ်ဘေ့ကုန်း၊ ကြာကန်၊ လျှော်ဖြူတော၊ မင်းရွာ၊ အလံပယ်၊ ရွှေချောင်း စသည့်ကျေးရွာများတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန်းချောင်းရေများနှင့် ရိုးရေးများမှ ရေးကြီးရေလျှံခြင်းများဖြစ်ပေါ်ကာ မြေနိမ့်ပိုင်းကျေးရွာအချို့တွင် ရေဝင်ရောက်ခြင်း၊ လူနေအိမ်အချို့ ပြောင်းရွှေ့ရခြင်းနှင့် ကိုင်း၊ ကျွန်း၊ လယ်/ယာမြေများ၌ စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများ အပါအဝင် သီးနှံမျိုးစုံစိုက်ခင်းများအတွင်း ရေကြီးနစ်မြုပ်မှုများဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး မသိရသေးကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

 

မောင်မောင်(မင်းဘူး)