မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

နေပြည်တော် ဇူလိုင် ၁၉ 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီခွဲတွင် ဘားအံမြို့နယ်၊ ကော့တရုတ်ရကျေးရွာအုပ်စု၊ ကော့ရန်းသော်ကျေးရွာအနီးတွင် အဒီး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ကိုလည်းကောင်း၊ စစ်ဆေးပေါ်ပေါက်ချက်အရ မွန်းလွဲ ၁၂ နာရီခွဲတွင် လှိုင်ကဘာကျေးရွာအုပ်စု၊ ကော့ဒန်ကျေးရွာအနီးတွင် စောထွန်းအောင်ထံမှ  စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ကိုလည်းကောင်း၊ ကွင်းဆက်အရ မွန်းလွဲ ၂ နာရီ တွင် ရွှေပြည် အေးကျေးရွာနေ သောင်းနိုင်ရှိန်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂,၄၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ဇူလိုင် ၁၇ ရက် ညနေ ၄ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာအုပ်စု၊ ဆင်သေကျေးရွာအနီးရှိ တောင်ယာတဲတွင် မသင်္ကာဖွယ်တွေ့ရှိသူ ထွန်းကိုကို အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ ဘိန်းဖြူ သုည ဒသမ ၂၈၈ ကီလိုကိုလည်းကောင်း၊ အလားတူ ဇူလိုင် ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲ တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးသွားကားလမ်း၊ မိုင်တိုင်အမှတ်(၈၀/၄) အနီးတွင် အောင်ခိုင်(ခ)ဂျာဘင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ဇူလိုင် ၁၈ ရက် မွန်းပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ မယ်ယန်းကျေးရွာနေ စိုင်းကွတ်ရှဲန်၏ နေအိမ်သို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၆၀၀ ပြားကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်