မိုးနဲမြို့နယ်အတွင်းရှိ ကျေးရွာ ၁၈ ရွာ၌ ခေါင်းဆောင်မှုနှင့် အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးသင်တန်း ဖွင့်လှစ်သင်ကြားပို့ချပေးနိုင်ခဲ့

မိုးနဲ အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ ကျေးရွာ ၁၈ ရွာတွင် ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး (Green Growth)သင်တန်းကို ဖွင့်လှစ်သင်ကြားပို့ချပေးနိုင်ခဲ့ကြောင်း မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သင်တန်းဖွင့်လှစ်ရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၊ ရေပေးရေးနှင့် မီးလင်းရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ကျေးရွာများအနက် လွိုင်လင်း၊ ကင်တုံ၊ ကာဟ၊ ဝမ်ကျူ၊ ပန်အူ၊ ဆိုင်းဖယ်၊ ကုန်းလုံ၊ လွိုင်ယူးကာ၊ ကာမလန်း၊ လွိုင်ချို၊ ဆွန်မွန်း၊ ကုန်းကျောင်း၊ ခဲတောင်ကြီး၊ ဘုရားဖြူ၊ ဝမ်ဟေ၊ ဆွန်တော်၊ ဖွီးလင်၊ တုံကျိုင်း၊ စုစုပေါင်းကျေးရွာ ၁၈ ရွာတွင် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါကျေးရွာ ၁၈ ရွာသို့ မိုးနဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်နှင့် ဝန်ထမ်းများက ကျေးရွာတစ်ရွာချင်းစီသို့ သွားရောက်ကာ ခေါင်းဆောင်မှုဆိုင်ရာနှင့် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်ခန်းစာများကို စနစ်တကျ လေ့ကျင့်သင်ကြားပို့ချပေးခြင်း၊ သင်တန်းသို့ တက်ရောက်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများကို အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း လက်ကမ်းစာစောင်နှင့် ဗီနိုင်းများ အခမဲ့ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မိုးနဲမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် ဇူလိုင်ပထမပတ်မှစတင်၍ ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား ၂၉၃ ဦးနှင့် သင်တန်းသူ ၂၈၇ ဦးတို့သင်တန်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မင်းမြင့်မိုရ်(ကျေးလက်)