မိုးနဲမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မိုးနဲ  ဩဂုတ် ၄

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌ခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများကို ဦးစာပေးအဆင့်အလိုက် စုရပ်များခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဩဂုတ် ၄ ရက် နံနက်ပိုင်းမှ စတင်၍ စုရပ်များတွင် ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက မြို့နယ်ကမ္ဘောဇခန်းမ၊ ဆိုက်ဖယ်ကျေးရွာနှင့် နမ့်မော်ဆွမ့်(အလက)တို့တွင် ဆေးထိုးစုရပ်များ ထားရှိ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)  စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးပြီး မိုးနဲမြို့နယ်တွင် ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၃ ရက်အထိ  အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် ဦးစားပေးအဆင့်များတွင် ပါဝင်သူ ၅၄၈ ဦးကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိသူများကို ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကာ ကာကွယ်ဆေးထိုးအစီအစဉ်များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပြည်သူများထံ အသိပေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

                                                                                                               

မျိုးညွန့်ရွှေ(မိုးနဲ)