မိုးစပါးစိုက်ပျိုးသည့်တောင်သူများ သွင်းအားစုကုန်ကျစရိတ်မြင့်မားလာခြင်းကြောင့် အခက်အခဲများ ကြုံတွေ့နေ

ရေတာရှည်   ဇူလိုင်  ၁၃

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် မိုးရာသီကာလ စပါးစိုက်ပျိုးလျက်ရှိသည့် တောင်သူများ အနေဖြင့် စိုက်ပျိုးပြီးချိန် တစ်လကျော်လာချိန်၌ ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာများ စတင်သုံးစွဲရချိန် စျေးနှုန်းကြီးမြင့်မှုကြောင့် အခက်အခဲများနှင့်ကြုံတွေ့နေရကြောင်း သိရသည်။

“စပါးကြဲပြီးတာ တစ်လကျော်ပြီ အခြောက် ထယ်ရေးနဲ့ကြဲတာဆိုတော့ ပေါင်းသတ်ဆေး အရင် ဖျန်းတယ်။ ဆေးဖျန်းပြီးတော့ စပါးပင်လေးတွေ ဝါကြန့်ကြန့်ဖြစ်ကုန်လို့ ဓာတ်မြေပက်ရအုံးမယ်။ စျေးတွေက အကုန်တက်တယ်။ ပေါင်းသတ်ဆေး သုံးမျိုးကို ၄ ဧကစာ တစ်သိန်း နှစ်သောင်းကျော်ကို လက်ငင်းဝယ်ရတယ်။ ဓာတ်မြေဩဇာက တစ်အိတ်ကို လက်ငင်း လေးသောင်းခုနစ်ထောင်၊ အကြွေးဆို ငါးသောင်းကျော်တယ်။ စျေးတွေမြင့်ကုန်တော့ မသုံးနိုင်ကြတော့ဘူး”ဟု တောင်သူတစ်ဦးက ပြောသည်။

ယခင်က စပါးစိုက်ပျိုးသည့် လယ်တစ်ဧကလျှင် အိတ်ဝက်နှုန်းသုံးစွဲကြပြီး လက်ရှိသွင်းအားစု ကုန်ကျ စရိတ်ကြောင့် ဓာတ်မြေကြဲပက်ရန် ချင့်ချိန်သုံးသပ်နေမှုများလည်း ရှိနေသည်။ မိုးစပါးစိုက်ပျိုးရာတွင် သုံးလသက်တမ်း၊ လေးလသက်တမ်း စပါးမျိုးများကိုစိုက်ပျိုးကြခြင်းဖြစ်ရာ တစ်လလျှင် တစ်ကြိမ်ကျ ဓာတ်မြေများကြဲပက်ကြရပြီး ပေါင်းသတ်ဆေးများသုံးစွဲရာ၌ ကုန်ကျစရိတ်များသလောက် ထိရောက် မှုနည်း၍ လူအငှားခေါ်ကာ ပေါင်းနုတ်ရသဖြင့် ကုန်ကျစရိတ်ပိုလာသည့်အပြင် ဓာတ်မြေသြဇာကို ဧက အချိုးလိုက်ပြည့်မီစွာ သုံးစွဲနိုင်ခြင်းမရှိကြကြောင်း၊ စပါးအထွက်နှုန်း ထိခိုက်နိုင်သည်ကို တောင်သူများ က ခန့်မှန်းထားကြကြောင်း၊ ထွန်ရက်စရိတ်၊ မျိုးဖိုး၊ အလုပ်သမားငှားရမ်းခ၊ ဆေးဝါးနှင့် ဓာတ်မြေ သွင်းအားစုကုန်ကျစရိတ်များသည်ဖြစ်ရာ စပါးပေါ်ချိန် စျေးနှုန်းကောင်းမွန်မှသာ တောင်သူများ တွက်ခြေကိုက်မည်ဖြစ်သည်။

ကိုလွင်(ဆွာ)