မြိတ်ကျွန်းစု ဈေးကွက်အတွင်းရှိ ကဏန်းများကို တရုတ်နိုင်ငံမှ ဈေးကောင်းပေး ဝယ်ယူမှုများကြောင့် ကဏန်းကုန်ကြမ်း ဈေးများမြင့်တက်လာသဖြင့် ကဏန်းပျော့ မွေးမြူရေးလုပ်ကိုင်သူများ အခက်အခဲရှိ

mdn

မြိတ် ၁၉ မေ

 

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ကျွန်းစု ဈေးကွက်အတွင်းမှ ကဏန်းများကို တရုတ်နိုင်ငံမှ အကြီးအသေးမခွဲခြားဘဲ ဈေးကောင်းပေးဝယ်ယူမှုများကြောင့် ကဏန်းပျော့ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် ကဏန်းကုန်ကြမ်းများကို ဈေးနှုန်းမြင့်ကာ ဝယ်ယူနေရသောကြောင့် လုပ်ငန်းများ အကျိုးအမြတ် နည်းလာသဖြင့် ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းများ ရေရှည်လုပ်ကိုင်ရန် အခက်အခဲ ရှိနေကြောင်း ကဏန်းပျော့ မွေးမြူနေသူများ၏ ပြောကြားချက်အရ သိရသည်။

 

ကဏန်းမွေးမြူရန်အတွက် ကဏန်းကုန်ကြမ်းများကို လွန်ခဲ့တဲ့ လေးငါးနှစ်ခန့်က (၁)ပိဿာကို ငွေကျပ် ၆ဝဝဝ၊ ၇ဝဝဝ ပေးဝယ်ရပြီး ယခုနှစ်တွင် (၁)ပိဿာကို ငွေကျပ် ၁၁ဝဝဝ၊ ၁၂ဝဝဝ အထိ ဈေးပေးဝယ်ယူရကြောင်း၊ အရေလဲပြီး ကဏန်းပျော့များကို ပြည်တွင်း/ပြည်ပသို့တင်ပို့ ရောင်းချလျက်ရှိပြီး မြိတ်ကျွန်းစုအတွင်းရှိ စားသောက်ဆိုင်များနှင့် ဒေသခံများကို (၁)ကီလိုလျှင် ငွေကျပ် ၁၅ဝဝဝ ဖြင့် ရောင်းချရသဖြင့် အလုပ်သမားခ၊ အစာစရိတ် နုတ်လိုက်ပါက အမြတ်နည်းလာသောကြောင့် ကဏန်းမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် ရေရှည်ရပ်တည်ရန် အခက်အခဲရှိနေကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ပထော်ပထက်ကျွန်းပေါ်တွင် PPT ကုမ္ပဏီမှ ကဏန်းပျော့မွေးမြူရေး လုပ်ငန်းမန်နေဂျာ ဦးမြတ်နိုးက ''ကဏန်းမွေးမြူရေးကို ၂ဝဝ၄ ခုနှစ်က စပြီးလုပ်ကိုင်လာတာ အခုဆိုရင် ၁၄ နှစ်ကြာပြီဖြစ်တယ်။ စမွေးတဲ့ အချိန်က ကဏန်းကန် (၅)ကန်နဲ့စပြီး မွေးလာတယ်။ နှစ်အလိုက် တိုးချဲ့လုပ်ကိုင်လာတာ ၂ဝ၁၇ ခု နှစ်အထိ ကဏန်းပျော့ကန် ၁၈ ကန်အထိ မွေးမြူလာနိုင်တယ်။ ၂ဝ၁၇ ခုနှစ် ဧပြီလ နောက်ပိုင်းမှာ ကဏန်းကုန်ကြမ်းဈေးနှုန်းက မြင့်တက်လာတာကြောင့် ကဏန်းမွေးမြူရေးကန်ကို ပြန်လျှော့လိုက်တယ်။ အခုဆိုရင် ၁၁ ကန်ပဲ လုပ်ကိုင်နိုင်တယ်။

ကဏန်းကန်တစ်ကန်မှာ ၇၂ ဖောင်ရှိတယ်။ တစ်ဖောင်မှာ ကဏန်းအကောင်ရေ ၆၃ဝ ရှိပြီး ကန်အနေအထားပေါ် မူတည်၍ တစ်ကန်မှာ ကဏန်းအကောင်ရေ ၄၅ဝဝဝ မှ ၅၀ဝ၀ဝ အထိ မွေးမြူထားရှိတယ်။ ကဏန်းမွေးမြူတာ စရိတ်စက များတာကြောင့် အခုလို ကုန်ကြမ်းဈေးနှုန်း မြင့်တက်နေဦးမယ်ဆိုရင် ပုစွန်မွေးမြူရေး လုပ်ငန်းပြောင်းလုပ်ဖို့ စီစဉ်ထားပါတယ်။ အခုလက်ရှိမှာလည်း ပုစွန်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်ဖို့ စမ်းသပ်ထားတာရှိပါတယ်''ဟုပြောသည်။

အဆိုပါ ကဏန်းမွေးမြူရေး လုပ်ငန်းကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ကျွန်းစု မြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ပထော်ပထက်ကျွန်း၌ ကဏန်းပျောမွေးမြူရေး လုပ်ငန်းတစ်ခု၊ မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စု၌ ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းတစ်ခုနှင့် စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးကျေးရွာ၌(၁)ခုစုစုပေါင်း မြိတ်ခရိုင်တွင် ကဏန်းပျော့ မွေးမြူရေးလုပ်ငန်း(၃)ခုတို့၌် လုပ်ကိုင်လျက်ရှိပြီး ယခင်နှစ်များက အဆင်ပြေသော်လည်း ယခုနှစ်တွင် တရုတ်နိုင်ငံမှ ကုန်သည့်များက ဧရာဝတီတိုင်းဒေသကြီး မှတစ်ဆင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ကျွန်းစုဈေးကွက်အတွင်းသို့ တရုတ်နိုင်ငံမှ အဝယ်ဒိုင်(၄၀/၅၀) လာရောက်၍ ကဏန်းအဝယ်ဒိုင်များဖွင့်ပြီး ကဏန်းအကြီး၊ အသေးမခွဲခြားဘဲ ဈေးကောင်းပေး ဝယ်ယူနေသောကြောင့် ဈေးနှုန်းမြင့်တက်လာသဖြင့် လုပ်ငန်းရေရှည် ရပ်တည်ရန် အခက်အခဲ ရှိနေကြောင်း ကဏန်းပျော့မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ဦးမြင့်