မေတ္တာဖြင့် အိမ်တွင်းငြိမ်းချမ်းမှုဆောင်

ဖေဖော်ဝါရီ၊ ၂

 

အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာ မိသားစုဝင်များ သို့မဟုတ် မိသားစုနှင့် ဆက်စပ်ပတ်သက်သူများကြား ဖြစ်လေ့ရှိသည့် ကျဉ်းမြောင်းသော အကြမ်းဖက်မှုကို ဆိုလိုသည်။ အိမ်တွင်းအကြမ်းဖက်မှုသည် အသေးအမွှားမှ အစပြုပြီး ကြီးမားသည့် ဒုစရိုက်မှုပုံသဏ္ဌာန်အထိ ဖြစ်နိုင်ပါသည်။ သို့သော် အိမ်တိုင်းအိမ်တိုင်းတော့ မဟုတ်ပေ။ မေတ္တာတရားမပွားနိုင်သော အချို့ မိသားစုတွင်း၌ ဖြစ်တတ်ကြသည်။ ။

 

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေဆဲကာလ၌ မိသားစုများသည် နေအိမ်တွင်သာနေထိုင်ရသည့် အခြေအနေတွင် မူလစိတ်အခံကြောင့် သို့မဟုတ် ကိုယ်ကျင့်တရား မကောင်းသောကြောင့် သို့မဟုတ် စိတ်ကျဉ်းကျပ်မှုကြောင့် သို့မဟုတ် မိမိတို့စိတ်ထွက်ပေါက် မရသောကြောင့် စသည့်အကြောင်း တစ်မျိုးမျိုးဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ မိမိတို့၏စိတ်ကို မိမိတို့ကိုယ်တိုင် ထိန်းသိမ်းဆင်ခြင်ပြီး အိမ်တွင်းအကြမ်းဖက်မှု မည်သည့်နည်းနှင့်မျှ မဖြစ်စေရအောင် အထူးဂရုစိုက် ဝိုင်းဝန်းကာကွယ်ရမည်ဖြစ်သည်။ ။ အိမ်တွင်းအကြမ်းဖက်မှုသည် ယခုကာလသာမဟုတ် များသောအားဖြင့် အားနည်းသောအမျိုးသမီးနှင့် ကလေးငယ်အချို့တို့သည် ဘဝဝဋ်ကြွေးသဖွယ် နေအိမ်အတွင်း မတရားအကြမ်းဖက်ခြင်းကို ပုံစံအမျိုးမျိုးဖြင့် ခံကြရသည်။ ထိုသို့သော မတရားနှိပ်စက်မှုကို ဝိုင်းဝန်းကာကွယ် တိုက်ဖျက် ရမည်ဖြစ်သည်။ လူမှုဝန်ထမ်းဦးစီးဌာန ဥပဒေရေးရာ ကုစားရေးအဖွဲ့က ပြည်သူလူထုအား မည်သည့်အကြောင်းပြချက်နှင့်မျှ အိမ်တွင်း အကြမ်းဖက်မှု မကျူးလွန်ရအောင် အသိပညာပေးနှိုးဆော်တိုက်တွန်း သတိပေးလျက်ရှိသည်။

 

ကိုဗစ်-၁၉ ရောဂါဘေးကာလအတွင်း နေအိမ်တွင်သာနေထိုင်ရသော အစီအစဉ်ကြောင့် အခြေခံလူတန်းစားများအနေဖြင့် အလုပ်အကိုင်များ ခေတ္တရပ်တန့်မှုများနှင့် ကြုံကြရသည်။ အလုပ်အကိုင်များ ရပ်တန့်မှုကြောင့် ငွေကြေးအကျပ်အတည်း ဖြစ်ပေါ်လာပြီး မိသားစုအတွင်း စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်လာတတ်သည်။ ထိုအခါ အိမ်တွင်းရေးတင်းမာမှုများ၊ ဖောက်ဖျက်မှုများ တိုးတက်ဖြစ်ပေါ်လာသည်။ အိမ်တွင်းရှိ အင်အားနည်းပါးသော အမျိုးသမီးနှင့် ကလေးသူငယ်များကို ဦးတည်ထိုးနှက် အနိုင်ကျင့်မှုများ ရှိတတ်သည်။ ။

 

ယခုအချိန်ကာလတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားဆဲနှင့်အတူ ပြည်သူ လူထုအတွင်း မတည်မငြိမ်ဖြစ်မှု၊ စားဝတ်နေရေး မပြေလည်မှုများကြောင့် စိုးရိမ်ပူပန်မှုများ တိုးလာနေပြီး စိတ်ဖိစီးမှုများ၊ မကျေနပ်မှုများ၊ အနိုင်ကျင့်မှုများ မိသားစုကြားတွင် ဖြစ်လာတတ်သည်။ ထိုအခြေအနေကို တားဆီးလျှော့ချနိုင်ရန် အိမ်တွင်း၌ အန္တရာယ်ကျရောက်နိုင်သည်တို့ကို သတိပြုခြင်း၊ အရက်သေစာ သောက်စားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းစသည့် မကောင်းသော အပြုအမူများ၊ အခြေအနေများကို သတိထားရမည်ဖြစ်သည်။ မိသားစုဝင်များကို စည်းရုံးခြင်း၊ ထိန်းသိမ်းခြင်း၊ ကြပ်မတ်ခြင်းတို့ပြုလုပ်ကြပြီး စည်းလုံးညီညွတ်စွာ နေထိုင်သင့်ပါသည်။ အကြမ်းဖက်မှုဖြစ်ခဲ့ပါက သက်ဆိုင်ရာသို့ အကြောင်းကြားရမည်ဖြစ်သည်။

 

မြန်မာ့ဓလေ့အရ အိမ်မှုကိစ္စများသည် အမျိုးသမီးများနှင့် သက်ဆိုင်သည်၊ မိသားစုကို ပြုစုစောင့်ရှောက်ရန်တာဝန်မှာ အမျိုးသမီးများနှင့် သက်ဆိုင်သည် စသည့် အကြောင်းပြချက်များသည် အမျိုးသမီးများအပေါ် ဝန်ပိစေသည်။ ရောဂါဘေးကြောင့် အိမ်တွင်းမှာပင်နေထိုင်ခြင်းနှင့် လှုပ်ရှား သွားလာမှုများကို ကန့်သတ်ထားခြင်းကြောင့် လူမှုပေါင်းစည်းမှုများ၊ လူမှု အဆက်အသွယ် ဆက်ဆံမှုများ ပြတ်တောက်ဖြစ်ပေါ်လာပြီး ပိုမိုအထီးကျန်မှုများ၊ စိတ်ထွက်ပေါက်ရှာမှုများမှ အိမ်တွင်းအကြမ်းဖက်မှုများ၊ အထူးသဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် ဖိနှိပ်မှုများ မဖြစ်စေရန် အထူး သတိပြုရမည်ဖြစ်သည်။

 

ယခုကာလအခြေအနေအရ အိမ်တွင်းအကြမ်းဖက်ခံရသူများအတွက် လူမှုဝန်ထမ်းဦးစီးဌာနက ပုံမှန်ထောက်ပံ့ကူညီပေးနေမှုများ အားနည်းသွားခြင်းနှင့် ဝန်ဆောင်မှုများကို လက်လှမ်းမီရရှိရန် ခက်ခဲသွားခြင်းများ ရှိနိုင်ပါသည်။ ထို့ကြောင့် မိမိတို့ပတ်ဝန်းကျင်တွင် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပွားနေသည်ကို သိရှိတွေ့မြင်နေရပါက မိမိတို့နှင့်မဆိုင်သလိုဆိတ်ဆိတ် မနေဘဲ ပူးပေါင်းကူညီဆောင်ရွက်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။ ဆက်သွယ်ရေး ကောင်းမွန်နေသောကာလတွင် အိမ်တွင်းအကြမ်းဖက်မှုကို ကြုံတွေ့ခံစားရပါက မိမိယုံကြည်ရသူတို့ကို ဖွင့်ဟပြောဆိုပြီး အကူအညီရယူ နိုင်ပါသည်။ အိမ်တွင်းအကြမ်းဖက်မှုများအပါအဝင် အမျိုးသမီးနှင့်ကလေးငယ်များအပေါ် အကြမ်းဖက်မှုကိစ္စနှင့်ပတ်သက်၍ ဥပဒေအရဖြစ်စေ၊ အကူအညီ အရဖြစ်စေ လူမှုဝန်ထမ်းဦးစီးဌာနကို အကူအညီတောင်းခံနိုင်ပါသည်။

 

သို့ဖြစ်ရာ မည်သည့်အကြောင်းပြချက်နှင့်မျှ အိမ်တွင်းအကြမ်းဖက်မှုများ မဖြစ်ပွားရန်၊ မကျူးလွန်မိရန် လိုအပ်ပါသည်။ ပုံမှန်အချိန်ကာလများတွင် မဖြစ်ပွားနိုင်အောင်ပြုလုပ်ရမည်ဖြစ်ပြီး ယခုကဲ့သို့ ကာလတွင် အိမ်တွင်း အကြမ်းဖက်မှုများ မဖြစ်ပွားအောင် မိသားစုဝင်များအဖို့ သတိပြုဆင်ခြင် ကြရပြီး ဖြစ်ပွားလာလျှင် အကြမ်းဖက်မှုတိုင်းအတွက် ကျူးလွန်သူတွင်သာ တာဝန်ရှိ၍ ပြစ်မှုကျူးလွန်သူသည် ဥပဒေနှင့်အညီ အရေးယူခံရမည်သာ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အကြောင်းပြချက်နှင့်မျှ အိမ်တွင်း အကြမ်းဖက်မှု မကျူးလွန်ရအောင် အချင်းချင်း မေတ္တာတရားထားကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ