လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး သဘာဝပတ်ဝန်းကျင် စီမံထိန်းသိမ်း

မြန်မာနိုင်ငံသည် ရေမြေတောတောင် သဘာဝသယံဇာတများ ပေါများကြွယ်ဝသောနိုင်ငံဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကိုအခြေခံ၍ လူမှုစီးပွားဘဝများကို စီမံလုပ်ကိုင်ဆောင်ရွက်နေကြသည်။ သဘာဝပတ်ဝန်းကျင်တောတောင်တို့သာမက ရေသယံဇာတများလည်း ပေါများလှသည်။ မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်း သည် ကီလိုမီတာ ၁၉၃၀၊ မိုင်အားဖြင့် ၁၂၀၀ ရှည်လျားသည်။ ပင်လယ်ကမ်းရိုးတန်း ကိုပိုင်ဆိုင်ကြသော နိုင်ငံများသည် အဖိုးတန်ရေသယံဇာတများကို အကျိုးရှိအောင် အသုံးချကြသည်။ မြန်မာနိုင်ငံအနေဖြင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံ အုပ်ချုပ်လုပ်ကိုင်မှုကို ၂၀၁၆ ခုနှစ်တွင် ဗဟိုကော်မတီဖွဲ့စည်း၍ လုပ်ကိုင်ခဲ့သည်။

ကမ္ဘာပေါ်တွင် ငါးသယံဇာတ ၃၀ ရာခိုင်နှုန်းခန့်ကို အလွန်အကျွံ ထုတ်ယူ သုံးစွဲကြသည်ဟု သိရသည်။ အဆိုပါရာခိုင်နှုန်းတွင် မြန်မာ့ကမ်းရိုးတန်းမှ ငါးသယံ ဇာတ ထုတ်ယူသုံးစွဲမှုများလည်း ပါဝင်သည်။ ကမ်းရိုးတန်းဒေသများတွင် အလွန် အကျွံထုတ်ယူမှုကြောင့် ငါးသယံဇာတများ သိသိသာသာလျော့နည်းပြုန်းတီး လာသည့်အပြင် ပင်လယ်ရေထုညစ်ညမ်းခြင်း၊ ငါးသယံဇာတနှင့် ဂေဟစနစ်ကိုပါ ခြိမ်းခြောက်နေပြီဖြစ်သည်။ ပင်လယ်ရေထုတွင် တွေ့ရှိရသည့်အညစ်အကြေးနှင့် စွန့်ပစ်ပစ္စည်း ၈၀ ရာခိုင်နှုန်းသည် အဓိကအားဖြင့် ကုန်းတွင်းပိုင်းမှ စွန့်ပစ်သည့် ပစ္စည်းများဖြစ်နေသည်။ ထို့ကြောင့် လူတို့ကြောင့် မြစ်ချောင်းအင်းအိုင်များသာမက ပင်လယ်ရေထုအထိပါ ညစ်ညမ်းပျက်စီးမှုများဖြစ်ပေါ်လာသည်။

ပင်လယ်ရေထုညစ်ညမ်းမှုများသည်အဏ္ဏဝါရေပြင်ကိုများစွာထိခိုက်စေသော ကြောင့် သန့်ရှင်းသည့် ငါးသယံဇာတများ ရေရှည်တည်တံ့စွာ ထုတ်ယူနိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲများ ပေါများကြွယ်ဝရှင်သန်ဖြစ်ထွန်း ရေး၊ လူသားတို့၏ကျန်းမာရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ကိုပါ ခြိမ်းခြောက်နေပြီဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ် ထုတ်ပြန်ချက်အရ နောင်လာမည့် ၂၁၀၀ ပြည့်နှစ်တွင် အဏ္ဏဝါမျိုးစိတ်များ၏ ထက်ဝက်ကျော်မျှ မျိုးသုဉ်းပျောက်ကွယ်သွားလိမ့်မည် ဟု ခန့်မှန်းထားသည်။ အဆိုပါအန္တရာယ်သည် မြန်မာ့ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်၌ လက်ရှိအချိန်တွင်ပင် ကြုံတွေ့နေရသောအန္တရာယ်များ၊ စိန်ခေါ်မှု များဖြစ်သည်။

ထို့ကြောင့် ကမ္ဘာတစ်ဝန်းတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုအမျိုးမျိုးတို့ကို ဖြေရှင်းနေရသည့်အချိန်တွင် နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ ဖြိုးရေးရည်မှန်းချက်များ ပြည့်ဝစေရန်၊ သဘာဝအရင်းအမြစ်များ ရေရှည်တည်တံ့စေရန်၊ ပင်လယ်ရေထု ညစ်ညမ်းမှုနှင့် ၎င်းနှင့်ဆက်စပ်နေသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှု များကို တုံ့ပြန်ကာကွယ်နိုင်စွမ်းအားများ မြှင့်တင်နိုင်ရေးတို့အတွက် ရေရှည်စီမံ ချက်များ ချမှတ်ဆောင်ရွက်သွားကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌက မှာကြားခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ကမ်းရိုးတန်းနှင့် အဏ္ဏဝါဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတကာနှင့် လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀)ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

စီမံကိန်းပြဋ္ဌာန်းချက် ပန်းတိုင် (၅) ပါ “နိုင်ငံ၏ အနာဂတ်မျိုးဆက်သစ်များ အတွက် သယံဇာတနှင့်ပတ်ဝန်းကျင်”တွင်လည်း ကမ်းရိုးတန်းနှင့် အဏ္ဏဝါရေပြင် အပါအဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်နေသည်။ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်း၊ အဏ္ဏဝါရေပြင်နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းသည် နိုင်ငံသားတိုင်း၏ အမျိုးသားရေးတာဝန် ဖြစ်သည်။ အလားတူ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းနှင့် အဏ္ဏဝါရေပြင်ကာကွယ်ရေး သည် တပ်မတော်(ရေ)အပါအဝင် နိုင်ငံသူ နိုင်ငံသားအားလုံး ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားရမည့်တာဝန်ဖြစ်သည်။ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်ဆိုင်းထားရသည့် ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများကို ပြန်လည်လည်ပတ်နိုင်ရန်၊ ပင်လယ်ရေထုညစ်ညမ်းမှုကင်းစင်ရေးဆိုင်ရာလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ကြေးမုံ