လည်ချောင်းနာတာနဲ့ ပတ်သက်တဲ့ အယူအဆအမှားများ

အစားတွေကို စားချင်ပေမယ့် လည်ချောင်းနာမှာစိုးလို့ မစားတော့ပါဘူး။ ဒါစားရင် လည်ချောင်းနာမှာ အအေးခံလို့လည်းမဖြစ်ပြန်ပါဘူး၊ လည်ချောင်းနာလိမ့်မယ်လို့ ပတ်ဝန်းကျင်မှာပြောနေတာတွေက တကယ်ရောမှန်ရဲ့လား။ လည်ချောင်းနာတာက စားရသောက်ရလည်းခက် စကားပြောတဲ့အခါမှာလည်း လည်ချောင်းထဲကနာလို့ပြောရဆိုရ အဆင်မပြေဖြစ်တာကြောင့် လည်ချောင်းနာတဲ့ ဝေဒနာကို တွေးပူကြောက်ကြတာကလည်း တကယ်တော့ဖြစ်သင့်ပါတယ်။

 

ဒီတစ်ခေါက်ကတော့ လည်ချောင်းနာစေတယ်လို့ တောက်လျှောက်လက်ခံလာခဲ့တဲ့ အယူအဆတွေက တကယ်မှန်ရဲ့လားဆိုတာပါ။ နည်းနည်းလောက်ဆန်းစစ်ကြည့်ကြမလား။

 

လည်ချောင်းနာတာနဲ့ ပတ်သက်တဲ့ အယူအဆအမှားများ

 

ဆောင်းတွင်းကလည်ချောင်းနာတာကိုဖြစ်စေတယ် – လည်ချောင်းနာတာကိုဖြစ်စေတာက ရာသီဥတု အေးတာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ လည်ချောင်းနာတာတွေရဲ့ ၉၀ ကနေ ၉၅ ရာခိုင်နှုန်းလောက်က ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့် ဖြစ်တာပါ။

 

 တကယ့်အကြောင်းအရင်းအမှန်ကတော့ ဆောင်းရာသီမှာ အအေးမိတာနဲ့ ချောင်းဆိုးတာတွေ ဖြစ်နိုင်ခြေက အမြင့်ဆုံးမှာရှိနေပါတယ်။ ရာသီဥတုအေးတာက အအေးမိဖျားနာတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ပိုမိုတိုးပွားစေတာကြာင့် လည်ချောင်းနာတာ ပိုဖြစ်နိုင်ခြေရှိတာပါ။

 

လည်ချောင်းနာတာကို ကာကွယ်ဖို့ မဖြစ်နိုင်ပါဘူး –လူတေော််တာ်များများက လည်ချောင်းနာတာကို ကြိုတင်ကာကွယ်လို့မရဘူးလို့ လက်ခံယုံကြည်ထားကြပါတယ်။ အမှန်ကတော့ လည်ချောင်းနာတာက ကာကွယ်လို့မရတာမဟုတ်ပါဘူး။ ကာကွယ်ရခက်တာပါ။ လည်ချောင်းနာတာကို ကာကွယ်ချင်တယ် ဆိုရင်တော့ ဘက်တီးရီးယားတွေ ပျံ့နှံ့မှုကို ကန့်သတ်နိုင် အောင် လုပ်ဖို့ပါ။ လက်တွေကို သန့်စင်အောင်ဆေးကြောတာ၊ အသုံးပြုမယ့်ပစ္စည်းတွေနဲ့ နေအိမ် ပတ်ဝန်းကျင်မှာ ဘက်တီးရီးယားတွေ ကပ်ညှိနေတာမျိုး မဖြစ်အောင်လုပ်ဆောင်ပြီး လည်ချောင်းနာတာ မဖြစ်အောင်ကာကွယ်လို့ရပါတယ်။

 

ကလေးနဲ့ ဆယ်ကျော်သက်တွေက လည်ချောင်းနာဖြစ်ခဲတယ် –တကယ်တော့ ဒီအယူအဆက မှားပါတယ်။ ကလေးငယ်တွေဟာလူကြီးတွေထက် ကိုယ်ခံအားနည်းတာကြောင့် ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို ခုခံနိုင်စွမ်းနည်းကြပါတယ်။ ဒါကြောင့် ကလေးတွေမှာ လည်ချောင်းနာဖြစ်နိုင်ခြေက လူကြီးတွေထက်တောင်များပါသေးတယ်။

 

ဆေးလိပ်သောက်တာကြောင့် လည်ချောင်းမနာနိုင်ဘူး –ဆေးလိပ်သောက်တာကြောင့်ဖြစ်ဖြစ် ပတ်ဝန်းကျင်မှာဖြစ်ပေါ်နေတဲ့ မီးခိုးငွေ့တွေကြောင့် လည်ချောင်းနာနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ဆေးလိပ်ငွေ့နဲ့မီးခိုးငွေ့တွေက ရှိရင်းစွဲလည်ချောင်းနာဝေဒနာကို ပိုတောင် ဆိုးစေနိုင်ပါသေးတယ်။ မီးခိုးငွေ့နဲ့ဆေးလိပ်ငွေ့တွေတင်မဟုတ်ပါဘူး အနံ့ခပ်ပြင်းပြင်းတွေက လည်ချောင်းနာတာကိုဖြစ်စေနိုင်သလို ရှိရင်းစွဲ လည်ချောင်းနာဝေဒနာကိုလည်း ပိုဆိုးစေနိုင်ပါတယ်။

 

လည်ချောင်းကို အနွေးဓါတ်ရအောင်ထားပေးရင် လည်ချောင်းနာတာကိုပျောက်ကင်းစေတယ် – လည်ချောင်းနာတဲ့အခါ လည်ပင်းကို အနွေးဓါတ်ရအောင် ထားပေးလိုက်ရင် လည်ချောင်းနာတာ ပျောက်ကင်းသွားမယ်လို့ ယူဆနေကြပါတယ်။ တကယ်တော့ ဒါက မမှန်ပါဘူး။ လည်ချောင်းနာတဲ့အခါ ရေနွေးနွေးလေးသောက်ပေးရင် သက်သာတာတော့ အမှန်ပါ။ အမြစ်ပြတ်ပျောက်အောင်တော့ မလုပ်ဆောင်နိုင်ပါဘူး။ အချို့ဆိုရင် လည်ပင်းကိုရေနွေးဝတ်ကပ်ပေးတာမျိုးတောင်ရှိပါတယ်။ ယာယီတော့အနွေးဓါတ်ကြောင့် သက်သာစေပါလိမ့်မယ်။

 

အအေးခံရင် လည်ချောင်းနာလိမ့်မယ် – လူတော်တော်များများက အအေးခံတာကြောင့် ခန္ဓါကိုယ်မှာ အဖျားဝင်တာကနေတဆင့် လည်ချောင်းနာတာအထိဖြစ်လာနိုင်ပါတယ်၊လို့ ယူဆနေကြပါတယ်။ တကယ်တော့ အအေးခံတာကြောင့် ခန္ဓါကိုယ်မှာ ဗိုင်းရပ်စ်ကူးစက်ပြီး လည်ချောင်းနာတာမျိုး မဖြစ်နိုင်ပါဘူး။ရောဂါပိုးရှိတဲ့သူဆီကနေတဆင့် ကူးစက်ပြီးပဲ အအေးမိဖျားနာတာကနေတဆင့် လည်ချောင်းနာတာဖြစ်လာရတာပါ။ဖြစ်နိုင်တဲ့အကြောင်းအရင်းတစ်ခုကတော့အေးတဲ့ရာသီဥတု အအေးမိ၊တုပ်ကွေးနဲ့ လည်ချောင်းနာတာကိုဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေပေါက်ဖွားရှင်သန်အောင် အထောက်အပံ့ဖြစ်စေတာပါ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Aye Thi Mon