လီဗာပူးကွင်းလယ်ကစားသမား ရှာကွီရီ လီဂူးဝမ်းကလပ် လိုင်ယွန်အသင်းသို့ ပြောင်းရွှေ့

ဆွစ်ဇာလန်ကစားသမား ရှာကွီရီသည် လီဗာပူးအသင်းမှ လိုင်ယွန်အသင်းထံသို့ ပေါင် ၉ ဒသမ ၅ သန်းဖြင့် အပြီးသတ်ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အသက် ၂၉ နှစ် အရွယ်ရှိ ရှာကွီရီသည် လီဂူးဝမ်းကလပ် လိုင်ယွန်အသင်းနှင့် သုံးနှစ် စာချုပ်ချုပ်ဆိုလိုက်ခြင်း ဖြစ်သည်။

ရှာကွီရီသည် ယခုနှစ် အပြောင်းအရွှေ့ ကာလတွင် လီဗာပူးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီး ပီအက်စ်ဂျီအသင်းထံသို့ ဝီလ်ဂျနေဒမ် ပြောင်းရွှေ့သွားပြီးနောက် လီဂူးဝမ်းကလပ်သို့ ပြောင်းရွှေ့သွား သည့် ဒုတိယမြောက် လီဗာပူးကစားသမားဖြစ်လာခဲ့သည်။ ရှာကွီရီသည် လီဗာပူးအသင်းသို့ ၂၀၁၈ ခုနှစ်တွင် စတုတ်အသင်းမှ ပေါင် ၁၃ သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၉၂ ပွဲ ပါဝင်ကစားထားကာ ၁၅ ဂိုးသွင်းယူပေးထားသည်။

၎င်းသည် ပြီးခဲ့သည့်ရာသီ နည်းပြကလော့ပ် လက်ထက်၌ ပရီမီယာလိဂ်ပြိုင်ပွဲတွင် ငါးပွဲသာ ပွဲထွက် ကစားသမားအဖြစ် ပါဝင် ကစားခွင့်ရရှိခဲ့သည်။

သို့သော်လည်း ရှာကွီရီသည် ယခုနှစ်ရာသီ လိဂ်ပြိုင်ပွဲတွင် ပါဝင်ကစားခွင့်ရရှိထားခြင်းမရှိပေ။ ဘေဆယ်၊ ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်အသင်းတို့တွင် ကစားခဲ့ဖူးသည့် ရှာကွီရီသည် ဘေဆယ်၊ ဘိုင်ယန်မြူးနစ် နှင့် လီဗာပူးအသင်းတို့တွင် ဆုဖလားများစွာ ဆွတ်ခူးရရှိထားသည်။

ထို့ကြောင့် ရှာကွီရီအနေဖြင့် လီဂူးဝမ်းကလပ် လိုင်ယွန်အသင်းတွင် အောင်မြင်မှုသရဖူ စိုက်ထူသွားနိုင် မလား စောင့်ကြည့်ရမည်ဖြစ်သည်။

ရှာကွီရီသည် ဆွစ်ဇာလန်အသင်းအတွက် ၉၆ ပွဲပါဝင်ကစားခွင့်ရရှိထားပြီး ၂၆ ဂိုး သွင်းယူပေးထားသည်။

လိုင်ယွန်အသင်းသည် ယခုနှစ်ရာသီ လီဂူးဝမ်းပြိုင်ပွဲ ပွဲစဉ်(၁)၌ ဘရက်စ်အသင်းနှင့် တစ်ဖက်တစ်ဂိုး စီသရေကျ ထားပြီး ပွဲစဉ် (၂) အိန်ဂျာအသင်းနှင့် ပွဲစဉ်တွင် သုံးဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ထားသည်။ ထို့အပြင် ပြီးခဲ့သည့် ပွဲစဉ် (၃) တွင်လည်း ကလီမွန့်အသင်းကို တစ်ဖက် သုံးဂိုးစီ သရေကျထားသည်။ ထို့ကြောင့် လိုင်ယွန် အသင်းသည် ယခုနှစ်ရာသီ လီဂူးဝမ်းပြိုင်ပွဲ ပွဲစဉ်(၃)အပြီးတွင် တစ်ပွဲရှုံးပြီး နှစ်ပွဲသရေကျ ထားသောကြောင့် ရမှတ် နှစ်မှတ်သာ ရရှိထားသေးသည်။ လိုင်ယွန်အသင်းသည် လာမည့်ပွဲစဉ်အဖြစ် ဩဂုတ် ၂၈ ရက်တွင် နန့်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အောင်ဇော်