လစ်ဗျားနိုင်ငံက တူနီးရှားနိုင်ငံနယ်စပ်ဒေသ ပြန်လည်ဖွင့်လှစ်မည်

စက်တင်ဘာ ၁၇

လစ်ဗျားနိုင်ငံအစိုးရက နှစ်လကျော်ကြာပိတ်ထားခဲ့သော အိမ်နီးချင်းတူနီးရှားနိုင်ငံနှင့်နယ်စပ်ဒေသကို ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း ယမန်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်သည် လွန်ခဲ့သောရက်အနည်းငယ်က တူနီးရှားနိုင်ငံတွင် တူနီးရှားသမ္မတ ကာစ်စီဒ်နှင့် ဝန်ကြီးချုပ် အဘဒူလ်စာမစ်ဒဘီဘာ့တို့ပြုလုပ်သော အစည်းအဝေးပွဲရလဒ်တစ်ခုဖြစ်ကြောင်း လစ်ဗျားအစိုးရအဖွဲ့၏ပြန်ကြားရေးရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအစည်းအဝေးသည် လုံခြုံရေးနှင့်ကျန်းမာရေးအခြေအနေများကို ဆန်းစစ်ရန် ပူးတွဲအဆင့်ဝန်ကြီးကော်မတီကို ဖွဲ့စည်းခဲ့ပြီး နယ်စပ်ဒေသကိုပြန်လည်ဖွင့်လှစ်ရန် ဆုံးဖြတ်ချက်ပေါ်ထွက်လာခဲ့သည်ဟု သိရသည်။

နှစ်နိုင်ငံအကြား ပြည်သူများနှင့်ကုန်ပစ္စည်းများ လွယ်ကူချောမောစွာ သွားလာပို့ဆောင်နိုင်ရန် လိုအပ်သော လုံခြုံရေးနှင့်ကျန်းမာရေးအစီအမံများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံသဘောတူညီခဲ့ကြကြောင်း ထပ်လောင်းဖော်ပြထားသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်မားလာသဖြင့် တူနီးရှားနိုင်ငံနှင့်နယ်စပ်ဒေသကို ဇွန်လအစောပိုင်းက လစ်ဗျားအာဏာပိုင်များက ပိတ်ထားခဲ့သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို