လဲချားမြို့နယ်ရှိ ကျေးရွာ ၃၄ ရွာ၌ တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးရရှိရေးဆောင်ရွက်ပြီးစီး

mdn

လဲချား ၂၀ ဇွန် 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၄ရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဂျာမန်ဖွံ့ဖြိုးရေးဘဏ်နှင့် ကျေးရွာပြည်သူလူထုပူးပေါင်းထည့်ဝင်ငွေများဖြင့်  တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးရရှိရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင်လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း လဲချားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ  လဲချားမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၄ ရွာ၌ တစ်အိမ်သုံး(၆၀) ဝပ်ဆိုလာ (၃၄၇) စုံ၊ (၁၀၀)ဝပ်ဆိုလာ (၃၆၅) စုံ၊ လမ်းမီးတိုင် (၉၄) စုံ၊ မူလတန်းကျောင်းအတွက် (၈) စုံ၊ ဘာသာရေးအဆောက်အဦးအတွက် (၇) စုံ၊ ကျေးလက်ဆေးပေးခန်းအတွက် (၂) စုံ၊ စုစုပေါင်းဆိုလာ (၈၂၂) စုံကို ယခုနှစ် ဇန်နဝါရီလအတွင်းက စတင်တပ်ဆင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင်ဆိုလာများ အားလုံးတပ်ဆင်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း လဲချားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းစန္ဒာဝင်း ကပြောသည်။

တစ်အိမ်သုံးဆိုလာများကို ဒေသခံပြည်သူများက မိမိပိုင်ပစ္စည်းကဲ့သို့ စနစ်တကျကိုင်တွယ်အသုံးပြုစေရန် ရည်ရွယ်၍ ဝပ် ၆၀ ဆိုလာစနစ်အတွက်ငွေကျပ်ငါးသောင်းနှင့်ဝပ် ၁၀၀ ဆိုလာစနစ်အတွက် ငွေကျပ် ၁၅၀၀၀၀ ပြည်သူ့အချိုးကျ အရစ်ကျစနစ်ဖြင့်နှစ်ကြိမ်ခွဲ၍ထည့်ဝင်ရပြီး ဆိုလာစနစ် တစ်စုံစာအတွက်ကျန်ရှိသည့်တန်ဖိုးကို စီမံကိန်းရန်ပုံငွေမှကျခံပေးခြင်းပြီးစီမံကိန်း ကျေးရွာရှိ အများပြည်သူပိုင်အဆောက်အဦးများဖြစ်သည့် စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးကျောင်းနှင့် လမ်းမီးတိုင်များကိုစီမံကိန်းရန်ပုံငွေမှ ရာနှုန်းပြည့်အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းသူ