ကျွန်တော်နဲ့ တက္ကသိုလ်ပညာရေး

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

 

မကြာသေးမီက မြန်မာ့ပညာရေးနဲ့ပတ်သက်ပြီး ဝမ်းသာစရာသတင်းတစ်ခုကို ကြားသိရတယ်။ ဒါကတော့ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ် ၁၆ ခုမှာ မဟာဌာနတွေ ဖွင့်လှစ်ပြီး သီးခြားရပ်တည်တဲ့ တက္ကသိုလ်များအဖြစ် သတ်မှတ်ရပ်တည်အောင် ဆောင်ရွက်နိုင်မှုပဲဖြစ်တယ်။ အခုလို မြန်မာ့ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်နေတဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကို အသိအမှတ်ပြုရမှာဖြစ်တယ်။ အခုလို တက္ကသိုလ်တွေကို နိုင်ငံခြားမှာ တည်ရှိနေတဲ့ တက္ကသိုလ်များနည်းတူ ဖော်ထုတ်နိုင်ခဲ့တာဟာ အောင်မြင်မှုတစ်ရပ်ပဲဖြစ်ပါတယ်။ မဟာဌာနတွေဟာ သီးခြားရပ်တည်မယ့် တက္ကသိုလ်တွေရဲ့ အခြေခံဖြစ်ပါတယ်။

 

ကျွန်တော် တက္ကသိုလ်ရောက်ခဲ့တဲ့ ၁၉၆၁ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကို မဟာဌာနတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။ ဒါကြောင့် ဥပစာဝိဇ္ဇာသင်တန်းတွေတက်စဉ် တတိယနဲ့ စတုတ္ထနှစ်တွေမှာ လူမှုရေးသိပ္ပံ မဟာဌာနအတွင်း တည်ရှိတဲ့ ဝါဏိဇ္ဇဗေဒဌာနက ဝါဏိဇ္ဇဝိဇ္ဇာဘွဲ့ယူဖို့ စိတ်ကူးယဉ်ခဲ့တာ။ ဒါပေမယ့် ၁၉၆၂ ခုနှစ်မှာ တပ်မတော်က အာဏာသိမ်းပြီးချိန်မှာ တက္ကသိုလ်တွေကို ပုံစံပြောင်းခဲ့တယ်။ ဆိုရှယ်လစ် စီးပွားရေးစနစ်နဲ့ လိုက်လျောညီထွေဖြစ်မယ့် တက္ကသိုလ်ပညာရေးစနစ်ကို ဖော်ထုတ်ခဲ့တယ်။

 

နိုင်ငံရေးအတွေ့အကြုံတွေ ရခဲ့

 

အမှန်တော့ ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ်မှာ တည်ထောင်ခဲ့တာ။ အုပ်ချုပ်တဲ့ အင်္ဂလိပ်တွေဟာ ဗြိတိန်နိုင်ငံက ထင်ရှားတဲ့တက္ကသိုလ်တွေပုံစံနဲ့ ကောလိပ်တွေနဲ့ ဖွဲ့စည်းခဲ့တဲ့ တက္ကသိုလ်ကို ဖော်ထုတ်ခဲ့တယ်။ ရန်ကုန်တက္ကသိုလ်ဟာ အလွန်နာမည်ကြီးတဲ့ ပညာရေးဗိမာန်ဖြစ်ခဲ့တယ်။ ဒေသအတွင်း နာမည်ရခဲ့တယ်။ တစ်ခုတော့ရှိတယ်။ စစ်မဖြစ်မီကာလမှာ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေဟာ နိုင်ငံရေးမှာ လှုပ်ရှားခဲ့ကြတယ်။ ရန်ကုန်တက္ကသိုလ်က ကျောင်းသားသမဂ္ဂဟာ အနာဂတ်နိုင်ငံရေး ခေါင်းဆောင်တွေကို မွေးထုတ်ပေးခဲ့တယ်။ ကိုလိုနီအစိုးရကို ဆန့်ကျင်ခဲ့တယ်။ တက္ကသိုလ်တက်ရင်း ကျောင်းသား ကျောင်းသူတွေဟာ နိုင်ငံရေးအတွေ့အကြုံတွေ ရခဲ့တယ်။ သခင်အစည်းအရုံးအဖွဲ့ဝင်တွေအဖြစ် လှုပ်ရှားခဲ့ကြတယ်။ အမှန်တော့ ကျောင်းသားတွေ နိုင်ငံရေးလုပ်ခဲ့လို့ ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရခဲ့တယ်လို့ သုံးသပ်နိုင်မှာ။ လွတ်လပ်ရေး ရပြီးချိန်မှာတော့ ကျောင်းသားတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေဟာ ပါတီနိုင်ငံရေးနဲ့ ရောယှက်လာခဲ့တယ်။ လက်ဝဲလက်ယာ အတွေးအခေါ် အယူအဆတွေနဲ့ လွန်ဆွဲခဲ့ကြတယ်။ ။

 

၁၉၆၄-၁၉၆၅ ခုနှစ်မှာဆောင်ရွက်ခဲ့တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုတွေဟာ ပညာရေးရည်ရွယ်ချက် သာမက နိုင်ငံရေးအခြေခံတွေရှိခဲ့တယ်။ ရန်ကုန် တက္ကသိုလ်မှာရှိတဲ့ မဟာဌာနတွေကို ခွဲထုတ်ပြီး သီးခြားတက္ကသိုလ်တွေအဖြစ် တည်ထောင်ခဲ့ကြတယ်။ ဒီတက္ကသိုလ်သစ်တွေကို အင်္ဂလိပ်ဘာသာနဲ့ Institute လို့ ခေါ်ဝေါ်သတ်မှတ်ခဲ့တယ်။ ဥပမာ Institute of Economics ဟာ စီးပွားရေး တက္ကသိုလ်ဖြစ်တယ်။ မြန်မာဘာသာအရ တက္ကသိုလ်လို့ခေါ်ပေမယ့် Institute အသုံးအနှုန်းကြောင့် တက္ကသိုလ် မဟုတ်တော့ဘဲ အဓိပ္ပာယ်တွေ တစ်မျိုးဖြစ်ခဲ့တယ်။ ကျွန်တော် အင်္ဂလန်နိုင်ငံမှာ ပညာတော်သင်အဖြစ် သွားခဲ့ရာမှာ ရထားတဲ့ဘွဲ့ဟာ တက္ကသိုလ်ကမဟုတ်ကြောင်း ယူဆခြင်းခံခဲ့ရတယ်။

 

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကာလ ၂၆ နှစ်အတွင်း ကျောင်းသား အရေးအခင်းတွေ မကြာခဏ ပေါ်ပေါက်ခဲ့တယ်။ တက္ကသိုလ်တွေဟာ ဖွင့်လိုက်ပိတ်လိုက်နဲ့ ပညာရေးလမ်းခရီးတွေဟာ အခက်အခဲနဲ့ ကြုံခဲ့ရတယ်။ ထူးခြားချက်တစ်ခုကတက္ကသိုလ်နဲ့ အမြဲတွဲဖက်နေတဲ့အ ဆောင်စနစ်ကိုတော့ ထိန်းသိမ်း ထားခဲ့တယ်။ တက္ကသိုလ်နဲ့ အဆောင်စနစ်ဟာ ခွဲလို့မရပါဘူး။ တက္ကသိုလ်မှာ စာပေသင်ကြား လေ့လာရုံမက တစ်ဦးနဲ့တစ်ဦး ထိတွေ့ဆက်သွယ် ဆက်ဆံမှုကိုလည်း ပြုစုပေးခဲ့တာက အဆောင်စနစ်နဲ့ပဲဖြစ်တယ်။ အားကစား၊ အနုပညာ လုပ်ငန်းတွေ လုပ်ခွင့်ရခဲ့တယ်။ ။

 

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ ဒေသကောလိပ်စနစ်သစ်ကို ဖန်တီးခဲ့ပြန်တယ်။ ၂ နှစ် သင်တန်း။ အမှန်တော့ အမေရိကန်နိုင်ငံမှာ တက္ကသိုလ် မတက်တဲ့သူတွေအတွက် တည်ဆောက်ခဲ့တဲ့ Community College ပုံစံ။ နောက်ပိုင်းမှာ ဒေသကောလိပ်စနစ်ကို ရုပ်သိမ်းခဲ့ပြန်တယ်။ ၂၆ နှစ်ကာလမှာ ကျောင်းသားလှုပ်ရှားမှုတွေ မျိုးစုံဆောင်ရွက်ခဲ့ရာက ၁၉၈၈ ခုနှစ်မှာ အရေးအခင်းကြီးကို တက္ကသိုလ်ကျောင်းသားတွေက ဦးဆောင်ခဲ့တယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ တက္ကသိုလ်ပညာရေးစနစ် တစ်ခုလုံးကို အခြေခံကျကျ ပြင်ဆင်ခဲ့တယ်။

 

နှစ်ဦးပိုင်းမှာ ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ်များကို ပိတ်ခဲ့ပြီး ပြန်လည်ဖွင့်လှစ်တဲ့အခါ အဆောင်စနစ်ကို ရုပ်သိမ်းခဲ့တယ်။ အဆောင်တွေကတစ်ဆင့် ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှုတွေ စတင်လာခဲ့တဲ့ ယူဆချက်ကြောင့်ဖြစ်တယ်လို့ ယူဆမိတယ်။ နောက်ပိုင်း တက္ကသိုလ်တွေ ပြန်ဖွင့်တဲ့အခါ မြို့နဲ့အလှမ်းဝေးတဲ့နေရာတွေမှာ တက္ကသိုလ်တွေ ဖွင့်လှစ်ခဲ့တယ်။ သွားရေး လာရေး၊ နေရေး၊ စားရေး အခက်အခဲမျိုးစုံ ကြုံခဲ့ရတယ်။ တက္ကသိုလ် အရေအတွက်တွေဟာလည်း အဆများစွာ တိုးလာခဲ့တယ်။ ပြုပြင်ပြောင်းလဲမှု အခြေခံကတော့ နိုင်ငံရေးပြဿနာကို ပညာရေးပြုပြင်ရေး ဖြေရှင်းခြင်းဖြစ်တယ်။ တစ်ဖက်မှာလည်း အဝေးသင်ပညာရေးစနစ်ကို အားပေးခဲ့တယ်။ အဝေးသင်ပညာရေးကြောင့် ကျောင်းသားစုစည်းမှုတွေ မရှိတော့ဘဲတစ်နှစ်တစ်ကြိမ် စာမေးပွဲစစ်မေးတဲ့အချိန် စုဝေးမှုတွေဖြစ်ခဲ့တယ်။

 

တက္ကသိုလ်ပညာရေးဟာ နိုင်ငံရေးဖိစီးမှုတွေအကြား လှုပ်ရှားခဲ့ရတယ်။ တစ်ချိန်က အဆင့်အတန်း မြင့်မားလှတဲ့ ရန်ကုန်တက္ကသိုလ်အပါအဝင် ကျန်တဲ့တက္ကသိုလ်တွေရဲ့ အရည်အသွေးတွေဟာ အားနည်းလာခဲ့တယ်။

 

တက္ကသိုလ်ဆရာဘဝ လေးစားကျေနပ်

 

ကျွန်တော် တက္ကသိုလ်ကျောင်းသားဘဝ ၁၉၆၁ ခုနှစ်ကစပြီး ၁၉၈၉ ခုနှစ်မှ တက္ကသိုလ်နဲ့ လမ်းခွဲခဲ့တယ်။ နှစ်ပေါင်း ၃၀ နီးပါး ကျင်လည်ခဲ့တာကြောင့် သံယောဇဉ်ကြီးတယ်။ ၂၀၀၈ ခုနှစ် မြန်မာပြည်ကို ပြန်ရောက်တဲ့ကာလကစပြီး ယနေ့အထိတက္ကသိုလ်နဲ့ ပတ်သက်နေတော့ ပိုပြီးစိတ်ဝင်စားတယ်။ စေတနာထားတယ်။ နိုင်ငံခြားမှာ နေခဲ့ပေမယ့် တစ်နှစ်တစ်ကြိမ် မြန်မာပြည်ပြန်ရောက်ချိန်မှာ တက္ကသိုလ်မှာ စာသင်ပေးခဲ့တယ်။ ပုံစံမျိုးစုံနဲ့ နိုင်ငံ့တာဝန်တွေ ယူခဲ့ပေမယ့် ရင်ထဲမှာတော့ တက္ကသိုလ်ဆရာရဲ့ ဘဝကို ပိုခုံမင်တယ်၊ လေးစားတယ်။ ကျေနပ်တယ်။

 

အခုလိုမဟာဌာနတွေနဲ့ ဖွဲ့စည်းခဲ့တဲ့သီးခြား ရပ်တည်တဲ့ တက္ကသိုလ်တွေ ပေါ်ပေါက်မှုကို ကြိုဆိုမိတယ်။ တက္ကသိုလ်တွေဟာ တစ်ချိန်က နာမည်ကြီးတဲ့ ရန်ကုန်တက္ကသိုလ်လို ဖြစ်စေချင်တယ်။ တက္ကသိုလ်ရဲ့ အခြေခံလုပ်ငန်း တာဝန်က သုံးရပ်ရှိတယ်။ ပထမတာဝန်က သင်ကြားရေးဖြစ်တယ်။ ဒီတာဝန် ကိုတက္ကသိုလ်တိုင်းက ထိထိရောက်ရောက် ဆောင်ရွက်နေတာတွေ့ရတယ်။ ဒုတိယတာဝန်က သုတေသနလုပ်ငန်း ဆောင်ရွက်မှု ဖြစ်တယ်။ ဒီတာဝန်နဲ့ ပတ်သက်မှုတွေ၊ စိန်ခေါ်မှုတွေ ရှိနေတာ တွေ့ရတယ်။ တာဝန်ရှိသူတွေက ပုံစံ မျိုးမျိုးနဲ့အားပေးလျက်ရှိတယ်။ သုတေသနဆောင်ရွက်ရာမှာ ပါရဂူဘွဲ့နဲ့ ဆက်စပ်နေတယ်။ သုတေသနလုပ်ငန်းတွေရဲ့ ရလဒ်ဟာ သုတေသနစာတမ်းတွေဖြစ်ပြီး ဒီစာတမ်းတွေဟာ ပါရဂူဘွဲ့အတွက် အခြေခံကုန်ကြမ်းတွေဖြစ်တယ်။ ပါရဂူဘွဲ့နဲ့ သုတေသန-ဆက်စပ်မှုကို နားလည်မှုရှိဖို့ လိုအပ်တယ်။ စာသင်ကြားမှုနဲ့ သုတေသနလုပ်ငန်းအပြင် တက္ကသိုလ်တွေဟာ မိမိပတ်ဝန်းကျင်အတွက် အလုပ်အကျွေးပြုဖို့ လိုအပ်တယ်။

 

တက္ကသိုလ်များအနေနဲ့ အနာဂတ် ပညာတတ်၊ အလုပ်သမားတွေကို မွေးထုတ်ပေးတဲ့နေရာတွေ ဖြစ်တယ်။ ဒါကြောင့်လည်းဘွဲ့ရပြီးသူတွေအနေနဲ့ အလုပ်ခွင်မှာ ပါဝင်လှုပ်ရှားနိုင်အောင် ဖန်တီးဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနဲ့ ကုန်သည်စက်မှု အသင်းချုပ်ကြီးအနေနဲ့ ပညာရေးလောကနဲ့ အလုပ်ခွင်လောက ဆက်သွယ်ဆက်ဆံဖို့ အစီအစဉ်တွေ ဆောင်ရွက်လျက်ရှိတယ်။ ပညာရေးနဲ့ အလုပ်ခွင်အကြား ဆက်သွယ်ဆက်ဆံမှုဟာ အရေးကြီးလှတယ်။

 

တက္ကသိုလ်ပညာရေး လောကမှာ ထူးခြားတဲ့ ပြောင်းလဲမှုတစ်ရပ်က ပုဂ္ဂလိကတက္ကသိုလ် ဖွင့်လှစ်မှုပဲဖြစ်တယ်။ နိုင်ငံတကာတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး ပြည်တွင်းမှာ တက္ကသိုလ်တွေ ဖွင့်လှစ်တာ တွေ့ရတယ်။ အခုလို ဖွင့်လှစ်တာကို ကျွန်တော်က အားပေးတယ်။ သန့်ရှင်းတဲ့ယှဉ်ပြိုင်မှုကို ကြိုဆိုလက်ခံရမှာဖြစ်တယ် အရေးကြီးတဲ့အချက်ကတော့ ပြင်ပတက္ကသိုလ်တွေရဲ့ အရည်အသွေး အဆင့်အတန်းတွေပဲ ဖြစ်တယ်။ စီးပွားရေးရှုထောင့်သက်သက် တစ်ခုနဲ့ တန်ဖိုးမရှိတဲ့ဘွဲ့တွေမပေးဖို့ လိုအပ်လှတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဦးစီးပေးပြီး တာဝန်ယူလျက်ရှိတယ်။ ဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက တာဝန်ကျေပွန်တဲ့ရင်းနှီး မြှုပ်နှံမှုကို ကြိုဆိုအားပေးတဲ့အကြောင်း အခွင့်အခါရတိုင်း ထုတ်ဖော်ခဲ့တယ်။

 

တက္ကသိုလ်ပညာရေးဟာ နိုင်ငံတကာနဲ့ မျက်နှာစာဖြစ်တယ်။ အရည်အသွေး မြင့်တဲ့စနစ်တစ်ရပ်ကို ဖော်ထုတ်ဖို့လိုအပ်တယ်။ ပထမခြေလှမ်းအနေနဲ့ အခုလို သီးခြားလွတ်လပ်တဲ့ တက္ကသိုလ်များကို တည်ထောင်ခဲ့တာဖြစ်တယ်။ ဒီ အခြေခံကောင်းကတစ်ဆင့် ကမ္ဘာ့အဆင့်တက္ကသိုလ်တွေ ဖြစ်လာအောင် ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်။ ခရီးက အရှည်ကြီးကျန်တယ်။ ဒါပေမယ့် ကြည်လင်တဲ့၊ ပြတ်သားတဲ့ ဦးတည်ချက်နဲ့ လှုပ်ရှားရမှာသာဖြစ်တယ်။

 

ပြောင်းလဲလာတဲ့စနစ်အတွင်း လိုက်လျောညီထွေ လှုပ်ရှား

 

လူငယ်တွေစုစည်းတဲ့ တက္ကသိုလ်ပညာရေးပတ်ဝန်းကျင်ကို ပြုစုပျိုးထောင်ပေးဖို့ လိုအပ်မယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် တက္ကသိုလ်များရဲ့ ပုံစံသစ်တွေကို ရှိရင်းစွဲပုံစံတွေနဲ့ပေါင်းစပ်ပြီး ဖော်ထုတ်သွားရမှာသာ ဖြစ်ပါတယ်။ လွတ်လပ်တဲ့၊ ပွင့်လင်းတဲ့၊ သည်းခံတဲ့၊ အသိတရားကို အခြေခံထားတဲ့ ပတ်ဝန်းကျင်ဟာ တက္ကသိုလ်ပညာရေးပဲဖြစ်တယ်။ ကျောင်းသားလူငယ်တွေဟာ ပညာရှင်တွေနဲ့ စုပေါင်းပြီး လူသားတွေအတွက် အကျိုးဖြစ်မယ့် ပညာတွေ ဖော်ထုတ်မျှဝေစုစည်းဖို့ လိုအပ်တယ်။ လူငယ်တွေရဲ့ စိတ်ကူးယဉ်မှုတွေကို ခွင့်လွှတ်သည်းခံရမှာဖြစ်တယ်။ နားလည်ရမှာ ဖြစ်တယ်။ လူကြီး လုပ်သူတွေအနေနဲ့ တစ်ချိန်က ကိုယ်လူငယ်ဖြစ်ခဲ့တာကို မမေ့သင့်ဘူး။ လူငယ်တွေဟာ မေးခွန်းအမြဲမေးတယ်။ လှပတဲ့အနာဂတ်ကို မျှော်လင့်ချက် အပြည့်ရှိတယ်။ ဒါကို နားလည်ရမှာဖြစ်တယ်။ ခေတ်မီတက္ကသိုလ်တွေဟာ ပြောင်းလဲလာတဲ့ လူမှုရေး၊ စီးပွားရေးစနစ်အတွင်း လိုက်လျောညီထွေပြီး လှုပ်ရှားရမှာဖြစ်ပါတယ်။

 

ဒီနှစ်မှာ ရန်ကုန်တက္ကသိုလ်ဟာ နှစ် ၁၀၀ ပြည့်ခဲ့ပြီ။ ကျွန်တော့်အနေနဲ့ နောင်နှစ်ပေါင်း ၁၀၀ မှာ ရန်ကုန်တက္ကသိုလ် အပါအဝင် မြန်မာနိုင်ငံမှာပေါ်လာမယ့် တက္ကသိုလ်တွေကို မျှော်ကြည့်ရင်း ဆန္ဒအပြည့်နဲ့ ဆုတောင်းမိပါတယ်။ ။