ကန့်ဘလူမြို့ အမှတ်(၂)တိုးချဲ့ရပ်ကွက်၌ မီးလောင်

ကန့်ဘလူ၊ ၁၃ ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့။ အမှတ် (၂) တိုးချဲ့ရပ်ကွက်တွင် ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီ မိနစ် ၄၀ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မြို့နယ်မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးကျော်သူ ကြီးကြပ်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ပူးပေါင်းကာ မီးငြှိမ်းသတ်ယာဉ် သုံးစီးဖြင့် ငြှိမ်းသတ်ခဲ့ပြီး နံနက် ၁၀ နာရီခန့်၌ မီးငြိမ်းသွားကြောင်းသိရသည်။

 

မီးလောင်မှု အကြောင်းရင်းမှာ ဆိုလာပြားဖြင့် အားသွင်းထားသည့် ဘက်ထရီအိုးနှင့် ဆက်သွယ်ထားသော ဝါယာကြိုးများ အပူလွန်ကဲပြီး အနီးရှိ အိမ်ထရံကို ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မီးလောင်မှုကြောင့် နှစ်ခန်းပတ်လည် အလျား ပေ ၃၀ ၊ အနံ ပေ ၂၀ ၊ အမြင့် ၁၅ ပေရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် တစ်လုံး မီးလောင်ခဲ့ပြီး  ဆုံးရှုံးမှုတန်ဖိုးကျပ် ၂၂၀၀၀၀ ခန့်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

 အဆိုပါမီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်းနှင့် မီးပေါ့ဆသူ အမှတ်(၂) တိုးချဲ့ ရပ်ကွက်နေ တောင်သူ ဦးဇော်မြင့်အား ကန့်ဘလူမြို့မရဲစခန်းမှ (ပ) ၂၃/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)

 

mdn