ကမ္ဘာ့ရော်ဘာဈေး ကျဆင်းမှုနှင့်အတူ မြန်မာ့ရော်ဘာကုန်ကြမ်း တစ်ပေါင်လျှင် ကျပ် ၇၅၀ ၀န်းကျင်အထိ ကျဆင်း

ရန်ကုန် ၂၆ ဇန်နဝါရီ

ကမ္ဘာ့ရော်ဘာဈေး ကျဆင်းမှုနှင့်အတူ မြန်မာ့ရော်ဘာကုန်ကြမ်း တစ်ပေါင်လျှင် ကျပ် ၇၅၀ ၀န်းကျင်အထိ ကျဆင်းနေကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။

ပြီးခဲ့သည့်နှစ်ကုန်တွင် ရော်ဘာကုန်ကြမ်းတစ်ပေါင်လျှင် ကျပ် ၁၀၀၀ ၀န်းကျင်အထိ ဖြစ်ေပေါ်ခဲ့သော်လည်း လက်ရှိ ရော်ဘာကုန်ကြမ်းတစ်ပေါင်လျှင် ကျပ် ၇၅၀ ၀န်းကျင်သာရှိကြောင်း၊ နိုင်ငံတကာ ရော်ဘာကုန်ကြမ်း ပေါက်ဈေးမှာလည်း ပြီးခဲ့သည့်နှစ်ကုန်တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၆၀၀ ၀န်းကျင်ရှိခဲ့သော်လည်း ယခုအခါ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၁၀၀ ၀န်းကျင်သာရှိကြောင်း သိရသည်။

"လက်ရှိ ရော်ဘာဈေးကတော့ ကမ္ဘာ့ပေါက်ဈေးတက်ရင် တက်တာပဲ၊ ကမ္ဘာ့ပေါက်ဈေးကျရင် ကျတာပဲ၊ အခုကတော့ လက်ရှိ တစ်ပေါင်ကို ကျပ် ၇၄၀/ ၇၅၀ လောက်တော့ရှိတယ်၊ တစ်တန်ဈေးကတော့ ၂၁၀၀ ကျော်ရှိတယ်"ဟု ဦးခိုင်မြင့် က ပြောသည်။

ထိုသို့ ရော်ဘာကုန်ကြမ်းဈေးများ ကျဆင်းနေခြင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံတကာ ကုန်ချောထုတ်မည့်သူများ တုံ့ဆိုင်းနေခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

"အခု လက်ရှိအခြေအနေက ရော်ဘာဈေး တက်တာ ကျတာကတော့ ကိုဗစ်ပေါ်မှာပဲ မူတည်တယ်လေ၊ အခု အင်္ဂလန်တို့ ဥရောပတို့မှာ လော့ဒေါင်း ပြန်လုပ်တဲ့အခါမှာ ဈေးက ပြန်ဆင်းသွားတာဘဲ၊ အခုချိန်ကတော့ ကိုဗစ်က အဓိကဘဲ"ဟု ဦးခိုင်မြင့်က ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ရော်ဘာကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးပြီး ၂၀၁၈-၂၀၁၉ ခုနှစ် စာရင်းများအရ စုစုပေါင်း စိုက်ဧက ၁၆၂၈၈၃၀ ဧကရှိကြောင်း၊ မွန်ပြည်နယ်သည် ရော်ဘာစိုက်ဧက အများဆုံးဖြစ်ပြီး စိုက်ဧက ၄၉၇၁၅၃ ဧကရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာစိုက်ဧက ဒုတိယအများဆုံးဖြစ်ပြီး စိုက်ဧက ၃၄၈၃၄၄ ဧကရှိကြောင်း၊ ကရင်ပြည်နယ်သည် ရော်ဘာစိုက်ဧက တတိယအများဆုံးဖြစ်ပြီး စိုက်ဧက ၂၇၀၇၆၀ ဧကရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းထံမှ သိရသည်။

ထို့ပြင် ရော်ဘာထွက်ရှိမှုမှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်နှစ်လျှင် ရာဘာတန်ချိန် စုစုပေါင်း သုံးသိန်းခန့် ထွက်ရှိပြီး ထွက်ရှိသည့် ရော်ဘာကို တရုတ်နိုင်ငံသို့ (၇၀)ရာခိုင်နှုန်းခန့် အဓိက တင်ပို့နေခြင်းဖြစ်ကာ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊  ဗီယက်နမ်၊ ကိုရီးယား၊ အိန္ဒိယ၊ ဂျပန် စသည့် နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံမှလည်း မြန်မာ့ရော်ဘာကုန်ကြမ်းများကို ဈေးကောင်းပေး၍ ထိုင်းနိုင်ငံနှင့်ဆက်စပ်သည့် ဘုရားသုံးဆူ၊ ကော့သောင်း၊ ဗြိတ်တို့မှ တရားမဝင် မှောင်ခိုဈေးကွက်ဖြင့် ဝယ်ယူလျက်ရှိသည်။

သို့ဖြစ်၍ အစိုးရအနေဖြင့် ထိုင်းနိုင်ငံသို့ တရားမဝင် ရော်ဘာကုန်ကြမ်း တင်ပို့မှုများကို တားဆီးပေးရန်လိုကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းထံမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ရော်ဘာကုန်ကြမ်းများ တရားဝင်တင်ပို့မှုမှာလည်း တစ်နှစ်လျှင် တန်ချိန်နှစ်သိန်းကျော်ရှိပြီး ရော်ဘာကုန်ကြမ်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ရရှိလျက်ရှိသည်။

ငြိမ်းငြိမ်း