ကမ္ဘာ့ဖလားခြေစစ်ပွဲ ပြင်သစ်တို့ နောက်ဆုံးငါးပွဲစလုံး သရေသာ ကစားနိုင်

စက်တင်ဘာ ၆

၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အဖြစ် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက ယူကရိန်းအသင်းနှင့် ပြင်သစ်အသင်းတို့ ယူကရိန်းအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။ ယူကရိန်းအသင်းအတွက် သွင်းဂိုးကို ရှပါရင်ကိုက သွင်းယူပေးပြီး ပြင်သစ်အသင်းအတွက် ချေပဂိုးကို မာရှယ်က သွင်းယူပေးနိုင်ခဲ့သည်။

ပြီးခဲ့သည့် ပွဲစဉ်တွင် နှစ်သင်းစလုံး သရေကျထားသည့်အတွက် ယနေ့ပွဲစဉ်၌ ပြိုင်ဆိုင်မှုပြင်းထန်လာခဲ့ပြီး ပရိသတ် အကြိုက်ပွဲကောင်း တစ်ပွဲဖြစ်ခဲ့သည်။

ယူကရိန်းနည်းပြ ပီထရာကော့ဗ်သည် ကာဇက်စတန်အသင်းကို သရေကျခဲ့သည့် ပွဲစဉ်မှ ကစားသမားစာရင်းကို အနည်းငယ်အပြောင်းအလဲပြုလုပ်ပြီး ပြင်သစ်အသင်းကို ရင်ဆိုင်လာခဲ့သည်။ ပြင်သစ်နည်းပြ ဒက်စ်ချမ့်ကလည်း ပြီးခဲ့သည့် ဘော့စနီးယားနှင့် သရေကျခဲ့သည့်ပွဲစဉ်မှ ကစားသမားစာရင်းကို အနည်းငယ်အပြောင်းအလဲပြုလုပ်ပြီး ယူကရိန်းအသင်းကို ရင်ဆိုင်လာခဲ့သည်။

ယနေ့ပွဲစဉ်တွင် ယူကရိန်းအသင်းသည် ကာဇက်စတန်အသင်းနှင့် ပွဲစဉ်က ကစားဟန်ကို မြင်တွေ့ခဲ့ရခြင်းမရှိဘဲ ပြင်သစ်အသင်း၏ ဖိအားပေးတိုက်စစ်ဆင်မှုကိုသာ ခံခဲ့ရသည်။ အထူးသဖြင့် ပြင်သစ်အသင်းမှ ပေါ့ဂ်ဘာ၊ မာရှယ်၊ ဂရစ်ဇ်မန်း၊ ရာဘီရော့တို့ ခြေစွမ်းပြသနိုင်မှုတို့ကြောင့် ဂိုးရရှိနိုင်လောက် အခွင့်အရေးဖန်တီးမှု၊ ဂိုးကန်သွင်း မှုများကို မြင်တွေ့ခဲ့ရသည်။ သို့သော်လည်း ပြင်သစ်အသင်း၏ ထိုးဖောက် တိုက်စစ်ဆင်မှု၊ ဂိုးကန်သွင်းမှုများကို ယူကရိန်းအသင်းမှ ခံစစ်ကစားသမား၏ ဖျက်ထုတ်ပုံ ကောင်းမွန်မှု၊ ဂိုးသမား ပယာတော့ဗ် လက်စွမ်းပြ ကာကွယ်ထားနိုင်မှုတို့ကြောင့် ပြင်သစ်အသင်း နိုင်ပွဲနှင့်ဝေးကွာခဲ့ရခြင်း ဖြစ်သည်။

ဦးဆောင်ဂိုးကို ယူကရိန်းအသင်းက ပွဲချိန် ၄၄ မိနစ်တွင် ရရှိခဲ့ပြီး ရှပါရင်ကိုက သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက်ပြင်သစ်အသင်းကလည်း ချေပဂိုးရရှိရေး ကြိုးစားလာခဲ့ရာ ပွဲချိန် မိနစ် ၅၀ တွင် မာရှယ်က သွင်းယူပေးနိုင်ခဲ့သည်။ မာရှယ်သည် ယနေ့ပွဲစဉ်တွင် ပြင်သစ်အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် ၂၀၁၆ ခုနှစ်နောက်ပိုင်း နိုင်ငံအသင်းအတွက် ပထမဆုံးအကြိမ် ပြန်လည်သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ပြင်သစ်အသင်းသည် ယနေ့ပွဲစဉ်တွင် သရေကျခဲ့သောကြောင့် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ငါးပွဲတွင် ငါးပွဲစလုံး သရေကျထားသည့် မှတ်တမ်းပိုင်ဆိုင်ခဲ့သည်။ ထို့အပြင် ပြင်သစ်အသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု(D)တွင် ငါးပွဲကစားပြီး ရမှတ် ကိုးမှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားသည်။ ပြိုင်ဘက် ယူကရိန်းအသင်းက ငါးပွဲကစားပြီး ငါးမှတ်သာ ရရှိထားသေးသည်။

ယူကရိန်းအသင်းသည် လာမည့်ပွဲစဉ်အဖြစ် စက်တင်ဘာ ၉ ရက်တွင် ချက်အသင်းနှင့် ခြေစမ်းပွဲကစားမည်ဖြစ်ပြီး ပြင်သစ်အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် စက်တင်ဘာ ၈ ရက်တွင် ဖင်လန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အခြားသော နာမည်ကြီး ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ၏ ရလဒ်အဖြစ် ဒိန်းမတ်အသင်းက ဖာရိုးကျွန်းစုကို တစ်ဂိုး-ဂိုးမရှိ၊ ခရိုအေးရှားအသင်းက ဆလိုဗက်ကီးယားအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ နယ်သာလန်အသင်းက မွန်တီနီဂရိုး အသင်းကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြသည်။

အောင်ဇော်