ကမ္ဘာ့စီးပွားရေးသည် ၂၀၂၀ ပြည့်နှစ်တွင် အနုတ် ၄ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းမည်ဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ခန့်မှန်း

ဝါရှင်တန် ၂၇ ဇွန်

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ကမ္ဘာ့စီးပွားရေးသည် ၂ဝ၂ဝ ပြည့်နှစ်တွင် အနုတ် ၄ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းမည်ဖြစ်ကြောင်း ခန့်မှန်းထားပြီး ယခုခန့်မှန်းချက်သည် ဧပြီလ ခန့်မှန်းချက်ထက် ၁ ဒသမ ၉ ရာခိုင်နှုန်း လျှော့ချလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြလိုက်သည်။ ကမ္ဘာ့စီးပွားရေး အလားအလာ၏ နောက်ဆုံးထုတ်ပြန်ချက်ကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ဇွန် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေးသည် ၂၀၂၁ ခုနှစ် နှစ်ကုန်အထိ အမေရိကန်ဒေါ်လာ ၁၂ ထရီလီယံ ကျော် ဆုံးရှုံးမည်ဖြစ်ကြောင်း အဆိုပါအစီရင်ခံစာတွင် သတိပေးဖော်ပြထားသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်သည့် စက်မှုနိုင်ငံများ အထူးသဖြင့် ဥရောပနိုင်ငံများအတွက် ခန့်မှန်းချက်ကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က သိသိသာသာလျှော့ ချခန့်မှန်းခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံသည် အနုတ်၁၂ ဒသမ၅ ရာခိုင်နှုန်းအထိ လျော့ကျမည်ဟု ခန့်မှန်းထားပြီး ဧပြီလခန့်မှန်းမှုထက် ၅ ဒသမ ၃ ရာခိုင်နှုန်း ခြားနားချက်ဖြင့် ထပ်မံလျှော့ချ ခန့်မှန်းခဲ့ခြင်း ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် အနုတ် ၈ ရာခိုင်နှုန်း အထိလျော့ကျမည်ဟုခန့်မှန်းထားပြီး ဧပြီလခန့်မှန်းမှုထက် ၂ ဒသမ ၁ ရာခိုင်နှုန်း ခြားနားချက်ဖြင့်ထပ်မံလျှော့ချခန့်မှန်းခဲ့ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံသည် အနုတ် ၅ ဒသမ ၈ ရာခိုင်နှုန်းအထိ လျော့ကျမည်ဟုခန့်မှန်းထားပြီး ယခင်ဧပြီလခန့်မှန်းမှုထက် ဝ ဒသမ၆ရာခိုင်နှုန်း ခြားနားချက်ဖြင့် ထပ်မံလျှော့ချခန့်မှန်းခဲ့ခြင်း ဖြစ်သည်။ နိုင်ငံအားလုံးတွင် စားသုံးမှုတိုးတက်နှုန်း လျော့ကျလာခဲ့သလို ပြည်တွင်းစီးပွားရေးလုပ်ငန်းများရဲ့ လှုပ်ရှားမှုအပေါ် မျှော်လင့်ထားသည်ထက် ပိုပြီးထိခိုက်မှုကြီးမားနေသည်ကို ပြသနေကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့က ကောက်ချက်ချထားသည်။ အရေးပေါ်အနေအထားအတွက် ငွေကြေးစုဆောင်း မှုများလာခြင်း အပါအဝင် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင် ရမှုများ၊ အိမ်တွင်း၌သာနေထိုင်ရန် ကန့်သတ်ခံရခြင်းများကြောင့် လူတစ်ဦးချင်းစီ၏ စားသုံးမှုလျော့ကျလာမည့် ခန့်မှန်းချက်များ ထွက်ပေါ်လာခဲ့သည်။

ကူးစက်ပြန့်ပွားမှုများနေသည့် စီးပွားရေးဖွံ့ဖြိုးတိုး တက်နေသည့်နိုင်ငံများအကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု သည် အိန္ဒိယနိုင်ငံတွင် ၄ ဒသမ ၅ ရာခိုင်နှုန်းကျဆင်း သွားမည်ဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်းထားသည်။ ဘရာဇီးနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အနုတ် ၉ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းမည်ဟု လျှော့ချခန့်မှန်းထားသည်။

အင်န်အိတ်ချ်ကေ