ကိုယ်စိတ်နှစ်ဖြာ ကြံ့ခိုင်ပါမှ

mdn

နေပြည်တော် ဇူလိုင် ၂၂

ကိုဗစ်-၁၉ ရောဂါကို အကြောင်းပြု၍ ဈေးနှုန်းမြင့်တက်ခြင်း၊ ကုန်ပစ္စည်းပြတ်လပ်ခြင်းတို့ ဖြစ်ပေါ်သည့်ထဲတွင် ကြက်ဥလည်း ပါဝင်သည်။ ရောဂါကာကွယ်ရေးအတွက် ကိုယ်ခံစွမ်းအားကောင်းရန် လိုအပ်သည်ဖြစ်ရာ ကြက်ဥတစ်မယ်မျှဖြင့် ကိုယ်ခံအားကောင်းမွန် ရေးကို ပြည့်စုံစေသည်မဟုတ်ကြောင်း ပညာပေးမှုများ ပြုလုပ်လျက် ရှိသည်ကိုလည်း သတိမူကြရန်လိုသည်။ 

“အစာလည်းဆေး ဆေးလည်းအစာ”ဟူသည့် ဆိုရိုးအတိုင်း အစားအစာတို့က လူတို့၏ ကျန်းမာရေးနှင့် ဆက်စပ်လျက်ရှိသည်။ လူတို့ စားသော အစားအစာများတွင် အာဟာရဓာတ်များ ပါဝင်ပြီး ၎င်းအာဟာရဓာတ်များအလိုက် ကျန်းမာရေးအပေါ် အကျိုးပြုပုံများ အရ အုပ်စုသုံးစု ခွဲထားသည်။ လူတို့စားသော အစားအစာများမှ ရရှိသော အာဟာရများက အသွေး၊ အသား၊ အင်အားတို့ကို ဖြစ်စေ သည်။ ခန္ဓာကိုယ်ပြင်ပမှ ဝင်ရောက်မည့်ရောဂါတို့ကို ကာကွယ်နိုင် သည်။သို့ဖြစ်ရာ နေ့စဉ်စားသုံးသည့် အစားအစာများတွင် အာဟာရ ဓာတ်များ စုံလင်မျှတစွာ ပါဝင်အောင် စားသုံးရန် လိုအပ်သည်။

နေ့စဉ် စားသုံးသည့် အစားအစာများကို အင်အားဖြစ်စေသော အစာများအုပ်စု၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာများအုပ်စု နှင့် ရောဂါကာကွယ်စေသော အစာများအုပ်စုဟူ၍ အုပ်စုသုံးစု ခွဲခြား နိုင်သည်။ ကစီဓာတ်နှင့် အဆီဓာတ်တို့သည် အင်အားဖြစ်စေသော အစာများဖြစ်သည့် ဆန်၊ ဂျုံ၊ ပြောင်းကဲ့သို့သော အနှံများ၊ ကန်စွန်းဥ၊ ပိန်းဥ၊ အာလူးကဲ့သို့သော သစ်ဥသစ်ဖုများ၊ ပျားရည်နှင့် သကြားတို့ ကဲ့သို့ အချိုစာများ၊ သီးနှံများမှရသည့် ဆီများနှင့် တိရစ္ဆာန်အဆီများ တို့မှ ရရှိနိုင်သည်။ အသားဓာတ်က ခန္ဓာကိုယ်ကြီးထွားစေသည့် အာဟာရဓာတ်ဖြစ်ပြီး ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စသော ဥအမျိုးမျိုး၊ ကုလားပဲ၊ ပဲစင်းငုံ၊ စားတော်ပဲ၊ ပဲနီလေး၊ ပဲဝါလေး စသည့် ပဲအမျိုးမျိုး၊ အသား၊ ငါး စသည့် အစားအစာများမှ ရရှိသည်။ ဟင်းသီးဟင်းရွက် အမျိုးမျိုးနှင့် သစ်သီးဝလံအမျိုးမျိုးတို့မှ ဗီတာမင်နှင့် သတ္တုဓာတ်များ ရရှိနိုင်ပြီး၊ သစ်သီးဖျော်ရည်နှင့် အရည်ရွှမ်းသည့် သီးနှံများမှ ရေဓာတ် တို့ကို ရရှိနိုင်ရာ ၎င်းအာဟာရဓာတ်တို့က ရောဂါများကို ကာကွယ် ပေးနိုင်သည်။ သို့ဖြစ်ရာ ဖော်ပြပါအစားအစာအုပ်စုများထဲမှ သင့်ရာသင့်ရာတို့ကို နေ့စဉ်မျှတစွာ ပါဝင်နိုင်အောင် စားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် လိုအပ်သော အာဟာရဓာတ်တို့ ရရှိနိုင်မည် ဖြစ်သည်။

ကျန်းမာကြံ့ခိုင်ရေးအတွက် လိုအပ်သော အာဟာရများ ရရှိ စေရန် နေ့စဉ်အစာအုပ်စု သုံးစုလုံး ပါဝင်ရန်လိုအပ်သကဲ့သို့ အသား၊ ငါး၊ ဥအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်းများကိုလည်း နေ့စဉ်စားသုံးရန်လိုအပ်သည်။ ထို့ပြင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများများ စားသုံးရန်နှင့် ရေကို လုံလောက်အောင်သောက်သုံးရန်၊ ဆီ၊ အငန်နှင့်  အချိုဓာတ်တို့ကို ဆင်ဆင်ခြင်ခြင် စားသုံးရန်တို့ကို ပညာပေး တိုက်တွန်းထားရာ လက်တွေ့လိုက်နာကျင့်သုံးခြင်းဖြင့် အကျိုးကျေးဇူးတို့ကို လက်တွေ့ခံစားနိုင်မည်ဖြစ်သည်။ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် ငွေကုန်ကြေးကျသည် အဓိကမဟုတ်ဘဲ မိမိ၏ ဝင်ငွေနှင့် ကိုက်ညီပြီး အာဟာရတန်ဖိုး ပြည့်ဝသည့် အစား အစာတို့ကို ရွေးချယ်စားသုံးတတ်ရန်သာ အဓိကဖြစ်သည်။ 

ကိုဗစ်-၁၉ ရောဂါနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် အစာ အာဟာရပြည့်စုံရန် လိုအပ်သည့်နည်းတူ စိတ်ဓာတ်ကြံ့ခိုင်ရန်လည်း လိုအပ်ရာ အပြုသဘောဆောင်သည့် စိတ်ဓာတ်မွေးမြူရေး၊ သောက နှင့် စိတ်ဖိစီးမှုတို့ကို ထိန်းချုပ်ရေးတို့လည်း လိုအပ်သည်။ မကောင်း မြင်စိတ်နှင့် စိုးရိမ်သောကတို့က ရောက်မလာသေးသည့် ရောဂါကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေသည့်အလျောက် ထိန်းချုပ်ပယ်ဖျောက်နိုင် ရန် လိုအပ်သည်။ ထို့ပြင် လုံလောက်စွာ အိပ်စက်ခြင်းဖြင့် ဦးနှောက်၊ နှလုံးနှင့် ကြွက်သားများအပါအဝင် ခန္ဓာကိုယ်ကို အနားယူခွင့်ပေးပြီး သန့်ရှင်းသည့် ရေကိုလည်း နေ့စဉ်လုံလောက်စွာ သောက်သုံးရန် လိုအပ်သည်။ မိမိတို့၏ ခန္ဓာကိုယ်ကို ရုပ်ပိုင်း၊ စိတ်ပိုင်း ကြံ့ခိုင်စွာ တည်ဆောက်ထားပြီး ရောဂါပိုးမွှားတို့ ဝင်ရောက်မလာအောင်  တားဆီးနိုင်ခြင်းအားဖြင့် ကပ်ရောဂါကို ကျော်လွှားနိုင်ကာ ကျန်းမာ ခြင်းသုခနှင့် ပြည့်ဝနိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း