ခရစ်ယူနှင့် ၎င်းကိုထောက်ခံသူ ၁၀၀၀ နီးပါး လူမှုကွန်ရက်မီဒီယာမှ ပယ်ဖျက်ခံရ

ပေကျင်းမှာ လတ်တလော ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တေးသံရှင်တစ်ဦးဖြစ်သူ ခရစ်ယူနဲ့ ၎င်းကို ထောက်ခံကြောင်း စာတွေရေးသားဖော်ပြခဲ့ကြတဲ့ ပရိသတ် ၁၀၀၀ နီးပါးခန့်ကို တရုတ်လူမှုကွန်ရက် မီဒီယာတစ်ခုဖြစ်တဲ့ ဝီဘိုက အကောင့်ပိတ်ပင်တာတွေ၊ ပယ်ဖျက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း၊ အခြားသော တရုတ်လူမှုကွန်ရက်မီဒီယာတွေကလည်း ခရစ်ယူနဲ့ပတ်သက်တာတွေကို ပယ်ဖျက်တာ တွေ လုပ်ဆောင်ခဲ့တာတွေ့ရကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ခရစ်ယူဟာ တောင်ကိုရီးယားအမျိုးသားတေးဂီတအဖွဲ့ EXO ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ တရုတ်မှာ တေးသံရှင်တစ်ဦးအဖြစ် အနုပညာလှုပ်ရှားမှုတွေ ဆက်လက် လုပ်ဆောင်ခဲ့သူပါ။ သူဟာ ပြီးခဲ့တဲ့လအတွင်း လိင်အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး စွပ်စွဲခံခဲ့ရကာ ဇူလိုင် ၃၁ ရက်က ပေကျင်းမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ တရုတ်မှာ မွေးဖွားခဲ့တဲ့ ကနေဒါလူမျိုး ပေါ့ပ်ကြယ်ပွင့် ခရစ်ယူကို အသက် ၁၈ နှစ်အရွယ် ကျောင်းသူ တစ်ဦးဖြစ်တဲ့ ဒူမိုင်ဇူက သူ့အပေါ် လိင်အကြမ်းဖက်ခဲ့ကြောင်း စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။ ဒူမိုင်ဇူက ခရစ်ယူနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မီဒီယာပေါ်မှာ ထုတ်ဖော်ရေးသားခဲ့ပြီးနောက် အခြားသော အမျိုးသမီးတွေကလည်း သူတို့အပေါ် ခရစ်ယူအနေနဲ့ အလားတူဖြစ်ရပ်မျိုး ကျူးလွန်ခဲ့ကြောင်း ထုတ်ဖော်ရေးသားလာကြတာကို တွေ့ရပါတယ်။

ခရစ်ယူရဲ့ ပြဿနာအပေါ် အချို့သော နာမည်ကျော်အနုပညာရှင်တွေအပါအဝင် ပရိသတ်တွေက ခရစ်ယူဘက်ကနေပြီး ထုတ်ဖော်ပြောကြားတာ၊ ရေးသားဖော်ပြတာ တွေရှိခဲ့ပါတယ်။ ကျော်ကြားတဲ့ စာရေးဆရာတစ်ဦးဖြစ်သူ ကျန်းရှင်းက ရုပ်သံအစီအစဉ်တစ်ခုမှာ ခရစ်ယူဘက်က လိုက်ပါပြောကြား ခဲ့ပြီး ဒီလိုပြောဆိုမှုကြောင့်ပဲ ဝီဘိုက သူ့ရဲ့ အကောင့်ကို ပိတ်ပင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် အဆိုပါအစီအစဉ်ကို တင်ဆက်ခဲ့တဲ့ နာမည်ကြီး အစီအစဉ်တင်ဆက်သူတစ်ဦးကိုလည်း ပီဘိုက အကောင့်ကို ပိတ်ပစ်ခဲ့ရာ ၎င်းတို့က တောင်းပန်စကား တရားဝင်ပြန်လည်ပြောကြားခဲ့ကြကြောင်း လည်း သိရပါတယ်။

တရုတ်နိုင်ငံထုတ် Harper's Bazaar မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်ဟောင်း စုမန်း အပါအဝင် ခရစ်ယူ ဘက်က လိုက်ပါရေးသားဖော်ပြခဲ့ကြတဲ့ လူတွေရဲ့ အကောင့်တွေကို ဝီဘိုက ဩဂုတ် ၁ ရက်မှာ ဆိုင်းငံ့ တာတွေ၊ ပိတ်ပင်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်ခဲ့တာနဲ့ပတ်သက်ပြီး ဝီဘို ကုမ္ပဏီ ဘက်က ခရစ်ယူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့အပေါ် သူတို့ရေးသားဖော်ပြခဲ့ကြတဲ့အထင်မှားစေတဲ့ မှတ်ချက်များကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Louis Vuitton အပါအဝင် ဒါဇင်ကျော်တဲ့ နာမည်ကျော် ကုန်အမှတ်တံဆိပ်တွေကလည်း ခရစ်ယူနဲ့ ဆက်နွှယ်မှုတွေကို ဖျက်သိမ်းခဲ့တာ တွေ့ရပါတယ်။ ပေကျင်းရဲတွေကတော့ ခရစ်ယူ စွပ်စွဲ ခံနေရတာနဲ့ပတ်သက်ပြီး စုံစမ်းနေဆဲဖြစ်ကြောင်း ပြီးခဲ့တဲ့လအတွင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အေးပြည့်