ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေထွက်လာတဲ့ ဆွန်ယောင်မင် နဲ့ ဂျီဆူး

 

အောက်တိုဘာ ၁၀

တောင်ကိုရီးယား ဘောလုံးကြယ်ပွင့် ဆွန်ယောင်မင်နဲ့ အမျိုးသမီးတေးဂီတအဖွဲ့ Black Pink ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျီဆူးတို့ ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေ လတ်တလောမှာ အွန်လိုင်းမီဒီယာတွေပေါ်မှာ ပျံ့နှံ့နေကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ဂျီဆူးဟာ ဆူယောင်မင်ပါဝင်ကစားနေတဲ့ တော့တင်ဟမ်ဟော့စပါး အသင်းကွင်းမှာ ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်တစ်ခုကို ရိုက်ထားတဲ့ဓာတ်ပုံကို သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ဖူးပါတယ်။ ဒီလိုဖော်ပြခဲ့ပြီး နှစ်နှစ်အကြာပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်မှာ ဆွန်ယောင်မင်ဟာ အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာခဲ့ပါတယ်။ တောင်ကိုရီးယား အမျိုးသား ဘောလုံးအသင်းခေါင်းဆောင် ဆွန်ယောင်မင်ဟာ ၂၀၂၂ ဖီဖာကမ္ဘာ့ဖလားအာရှခြေစစ်ပွဲ ပွဲစဉ်တစ်ခုဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဆီးရီးယားတို့ ကစားမယ့်ပွဲကို တက်ရောက်ဖို့ရာ အမိမြေကို ပြန်လည်ရောက်ရှိလာတာပါ။

ဒီလိုလာရောက်ရာမှာ သူဟာ စပါးအသင်းအခြေစိုက်ရာ လန်ဒန်ကနေလာခဲ့ခြင်းမဟုတ်ဘဲ ပဲရစ်မှ ထွက်ခွာလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဂျီဆူးဟာ မကြာသေးမီ ရက်ပိုင်းကတည်းက ပဲရစ်ကိုရောက်ရှိနေပြီး ပဲရစ်ဖက်ရှင် သီတင်းပတ်ကို ပါဝင်တက်ရောက်ကာ ဆွန်ယောင်မင်နဲ့ တစ်ချိန်တည်းမှာပင် တောင်ကိုရီးယားကို ပြန်လည်ရောက်ရှိလာပါတယ်။

ဒါ့အပြင် ဆွန်ယောင်မင်မှာ စုံတွဲလက်ပတ်တစ်ခုရှိနေပြီး သူအောင်ပွဲခံတဲ့ အချိန်တွေမှာ အဆိုပါလက်ပတ်ကို နမ်းလေ့ရှိတာကိုလည်း တွေ့ရပါတယ်။ ဆွန်ယောင်မင်နဲ့ ဂျီဆူးတို့ရဲ့ သတင်းအပေါ်ပရိသတ်တွေက ကမ္ဘာကျော်စုံတွဲတစ်တွဲအဖြစ် မှတ်ချက်ပေးဖော်ပြမှုတွေလည်းရှိနေကြောင်း သိရပါတယ်။

အေးပြည့်