ကော့သောင်းမြို့၌ ကုန်စည်စီးဆင်းမှုများ ပုံမှန်အခြေအနေရှိ

ကော့သောင်း၊    ၁၃ ဖေဖော်ဝါရီ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့သည် ထိုင်းနိုင်ငံ တောင်ပိုင်း၊ ရနောင်းမြို့နှင့် နီးကပ်သည့် နယ်စပ်မြို့ဖြစ်ကာ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ လက်ရှိအခြေအနေတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့အသီးသီးသို့ ခရီးလမ်းပန်း ဆက်သွယ်သွားလာမှုအတွက် မော်တော်ယာဉ်များ ပုံမှန်ပြေးဆွဲပေးလျက်ရှိသည့်အပြင် ပင်လယ်ရေလမ်းမှ ကုန်တင်သင်္ဘောကြီးများဖြင့် ကုန်စည်စီးဆင်းမှုများ ပုံမှန်အခြေအနေရှိနေသည့်အတွက် အခြေခံစားသောက်ကုန်ပစ္စည်း ဈေးနှုန်းများမှာ ပုံမှန် အခြေအနေဖြင့် ပြည်သူများ ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရသည်။

မြို့နေပြည်သူများအနေဖြင့် တိုင်းဒေသကြီးအတွင်း မြို့များနှင့် ပြည်မမြို့ကြီးများသို့ ခရီးသွားလာရာတွင်လည်း ယာဉ်များ ပုံမှန်ပြေးဆွဲလျက်ရှိပြီး ပုံမှန်သွားလာလှုပ်ရှားလျက်ရှိသည်။ အခြေခံစားကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ငရုတ်၊ ကြက်သွန်နှင့် ပြည်တွင်းပို့ အခြားကုန်ပစ္စည်းများမှာ ကော့သောင်း-ရန်ကုန် ပြည်ထောင်စုလမ်းပိုင်းမှ မော်တော်ယာဉ်များအပြင် ပင်လယ်ရေလမ်းခရီးမှ ကုန်တင်သင်္ဘောကြီးများဖြင့်  ပုံမှန်တင်သွင်း ပို့ဆောင်ရောင်းဝယ်မှုများကြောင့် ဒေသတွင်း ကုန်ပစ္စည်းပြတ်လပ်ရှားပါးမှုမရှိ ရောင်းဝယ် ဖောက်ကားလျက် ရှိကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)