ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး

နေပြည်တော် အောက်တိုဘာ ၁

ယာယီပိတ်ထားရသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် အတွက် နိုင်ငံတော် က ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ အစစအရာရာ အဆင်ပြေပါက လာမည့် သီတင်းကျွတ်ကျောင်းပိတ်ရက်ကာလ အလွန်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်မည်ဖြစ်သည်။ ကျောင်း များ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အဓိကစိန်ခေါ်မှုမှာ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်နိုင်ရေးပင်ဖြစ်ရာ ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လုံးဝမရှိတော့သည့် သုညအခြေအနေသို့ ရောက်ရှိမည်ဆိုလျှင် အကောင်းဆုံးပင်ဖြစ်သည်။

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ရာခိုင်နှုန်း သည် စက်တင်ဘာ ၃၀ ရက်နေ့တွင် ၈ ရာခိုင်နှုန်းတွင် ရှိနေသေး သည့်အတွက် ဆက်လက်လျော့နည်းကျဆင်းလာစေရန် ကြိုးပမ်း ကြရဦးမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ် ထိန်းချုပ်နိုင်ရေးတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ကူးသန်း သွားလာမှုများ ကန့်သတ်ရေးသည်လည်းကောင်း၊ ရောဂါကာကွယ် ဆေးထိုးနှံလွှမ်းခြုံရေးသည်လည်းကောင်း အဓိကကျသော နည်းလမ်း များဖြစ်သည်။ အိမ်မှာနေပြီး ပြင်ပသွားလာမှုအပေါ် ကန့်သတ်ထား ခြင်းသည် ကပ်ရောဂါပျံ့နှံ့မှု ထိန်းချုပ်ရေးတွင် လွန်စွာအရေးပါပြီး ထိရောက်မှုရှိသော်လည်း တစ်ဖက်တွင် စီးပွားရေး၊ လူမှုရေး၊ ပညာ ရေးတို့အပေါ်ကြီးမားသည့် သက်ရောက်မှုဖြစ်ပေါ်စေသည်။ သို့ဖြစ် သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးစားပေးအုပ်စု များအလိုက် ထိုးနှံပေးခြင်းမှတစ်ဆင့် ယခုနှစ်ဒီဇင်ဘာလကုန်တွင် အသက် ၁၈ နှစ်အထက် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံပြီးဖြစ်စေရန် ရည်ရွယ်ချက်ချမှတ် ဆောင်ရွက်လျက်ရှိရာ ပြည်ပ ကာကွယ်ဆေးထုတ်လုပ်သည့်နိုင်ငံများမှ ကာကွယ်ဆေးများ စဉ်ဆက်မပြတ်ရရှိသည်နှင့်အမျှ ရည်မှန်းချက်လည်း အောင်မြင်မည် ဖြစ်သည်။

ကာကွယ်ဆေးထိုးနှံမှုသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ရာတွင် လွန်စွာထိရောက်သလို ရောဂါကူးစက်ခံရပါက လည်း ရောဂါပြင်းထန်မှုနှင့် အသက်ဆုံးရှုံးမှုအန္တရာယ်တို့မှ လွန်စွာလျော့နည်းသက်သာစေသည်ကို သာဓကများအရ မိမိတို့တွေ့ရှိကြရ ပြီးဖြစ်သည်။ သို့ဖြစ်သည့်အတွက် ကျောင်းဖွင့်ချိန်တွင် စိတ်ချ လက်ချ ကျောင်းတက်နိုင်ကြရေးအလို့ငှာ အလယ်တန်းနှင့် အထက် တန်းအရွယ်ကျောင်းသူကျောင်းသားများ ကျောင်းမဖွင့်မီကပ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့်အစီအစဉ်မှာ အားလုံးကကြိုဆိုကြရမည့်ကောင်းသည့်အစီအစဉ်ပင်ဖြစ်သည်။ ကလေးများနှင့် လူငယ်များကို ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းသည် မိမိတို့နိုင်ငံက ပထမဦးဆုံး စွန့်စားရမည့်အလုပ်မျိုးမဟုတ်ဘဲ ကာကွယ်ဆေးထုတ် လုပ်သည့် တရုတ်နိုင်ငံအပါအဝင် အခြားနိုင်ငံများတွင်လည်း သိန်းနှင့် သန်းနှင့်ချီ၍ ထိုးနှံပေးခဲ့ပြီး ထိရောက်စွာ ကာကွယ်ပေးနိုင် သည့် အကျိုးရလဒ်လည်း ရရှိခဲ့ပြီးဖြစ်သည်ဟု သိရသည်။

ကျောင်းသူ ကျောင်းသားများနှင့် ဆရာ ဆရာမများတွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံမှုခံယူထားပြီး ကျောင်း များ၌ စာသင်ကြားရာတွင်လည်း ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ သင်ကြားသင်ယူမှု ပြုလုပ် မည်ဆိုပါက ရောဂါကူးစက်မှုကို အကြောင်းပြု၍ ကျောင်းများ ပိတ်ရခြင်းကို ရှောင်ကြဉ်နိုင်မည်ဖြစ်ပြီး ကျောင်းသားကျောင်းသူ များ၏ ပညာသင်ကြားမှုကို စဉ်ဆက်မပြတ်စေရန် အထောက်အကူပြု နိုင်မည်ဖြစ်သည်။ ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာ ဗဟုသုတသင်ကြားမှုများ ပြုလုပ်ပေးခြင်းဖြင့်လည်းကျောင်းသူ ကျောင်းသားများအတွင်း သိနားလည်မှု ပိုမိုမြင့်မား လာမည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အပြည့်အဝထိုးနှံခြင်းနှင့် ရေရှည်တွင် ထပ်ဆောင်းထိုးနှံမှုများ ပြုလုပ်သွားခြင်းအားဖြင့် နိုင်ငံအတွင်း ကပ်ရောဂါကြောင့် ယာယီရပ်ဆိုင်းထားရသည့် စီးပွားရေးလုပ်ငန်းများ၊ စက်ရုံ အလုပ်ရုံ ကုန်ထုတ်လုပ်မှုများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ခရီးသွားလာရေးလုပ်ငန်းများ စသည်တို့ ပြန်၍လည်ပတ်လာနိုင်မည်ဖြစ်ရာ နိုင်ငံတော်၏ စီးပွားရေး ပြန်လည်နိုးထလာရေးအတွက် လွန်စွာအရေးပါသည့် အလျောက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံမှုများ ရည်မှန်းချက်ပေါက်မြောက်အောင်မြင်ရေးအတွက် ပြည်သူလူထုအားဖြင့် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း