ကောလင်းတွင် ငရုတ်သီး အထွက်နှုန်းနည်းပြီး စျေးမကောင်းသဖြင့် စိုက်ပျိုးတောင်သူများ အရှုံးပေါ်

ကောလင်း၊  ၂၁  မေ 

စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်နှင့်ဝန်းသိုမြို့နယ်အတွင်းရှိ၊ကျေးရွာအချို့တွင် ကောလင်းစျေးကွက်ကို အမှီပြု၍ ကုလားအော်ငရုတ်သီးကို စီးပွားဖြစ်စိုက်ပျိုးကြရာ ယခုနှစ်တွင်   အထွက်နှုန်းနည်းပြီး စျေးမကောင်းသဖြင့် စိုက်ပျိုးတောင်သူများ အရှုံးပေါ် လျက်ရှိကြောင်း သိရသည်။ 


 “ကုလားအော်ငရုတ်သီးကို နိုဝင်ဘာလမှာ စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလထဲမှာ  စတင်ကောက်ယူ နိုင်ပါတယ်။ ကုလားအော်ငရုတ်သီးကို ကိုယ်တိုင်မျိုးယူကြပြီး ဧကဝက်ကိုစိုက်ပျိုးစရိတ် ၁သိန်းခန့်သာကုန်ကျပြီး ကုန်ကျစရိတ်နည်း၍ အမြတ်များများရရှိသည့်အတွက် ယခင်နှစ်များထက် ပို၍ယခုဆိုရင် တစ်ရွာလုံး စိုက်ပျိုးခဲ့ကြပါတယ်။”

“ယခင်နှစ်များတွင် ကုလားအော်ငရုတ်သီး ဧကဝက်ကိုတစ်ခါကောက်လျှင် ပြည် ၇၀၀ ခန့်ရရှိပြီး ဆယ်ရက်လျှင် တစ်ကြိမ်ကောက်ရပါတယ်။  တစ်ပြည်လျှင် ငွေကျပ် ၂၅၀၀ ဖြင့် ဖောက်သည်များက အိမ်အရောက် လာဝယ်ကြပါတယ်။ ယခင်နှစ်က ဧကဝက်စိုက်တာကို အမြတ်ငွေ ၅၅ သိန်းကျော်ခန့် ရရှိခဲ့ပါတယ်။ယခုနှစ်မှာတော့ ပိုးမွှားရောဂါ၊မှိုရောဂါများစွာ ကျရောက်တဲ့အတွက် ကုန်ကျစရိတ်က ယခင်နှစ်များထက် တစ်ဆ ကုန်ကျစရိတ် မြင့်တက်ပြီး အထွက်နှုန်းနည်ပြီး အရှုံးဘက်ကို များကြပါတယ်။ ဧကဝက်စိုက် တစ်ခါကောက်ကို ပြည်၅၀ လောက်သာရရှိပြီး တစ်ပြည်ကို ၁၄၀၀ ကျပ်သာ ရောင်းချရတဲ့အတွက် အရင်းကိုမနည်းရအောင် ယူရမှာဖြစ်ပါတယ်။"ဟု ဝန်းသိုမြို့နယ် ကြိုင်းခွင်ကျေးရွာမှ ကုလားအော်ငရုတ်သီစိုက်တောင်သူ တစ်ဦးက ပြောပြသည်။

အဆိုပါကျေးရွာများတွင် ကုလားအော်ငရုတ်သီးကို အထွက်နှုန်းနည်းပြီး စျေးမကောင်းသဖြင့် အချို့ အခင်းရှင်များသည် စိုက်ခင်းများဖျက်သိမ်းပြီး အခြားသီးနှံတစ်မျိုးကို ပြန်လည်စိုက်ပျိုးကြသည်။

၎င်းကျေးရွာများတွင် သီနှံတစ်မျိုးကို ဧကဝက်ခန့်သာစိုက်ပျိုးကြပြီး  သီးနှံတစ်မျိုးစျေးမကောင်းပါက အခြားသီးနှံတစ်မျိုးက အစားထိုးခြင်းအလို့ငှာ ဧကနည်းနည်းဖြင့် သီးနှံမျိုးစုံပျိုးကြကြောင်းသိရသည်။

မြင့်ထွန်းမင်း(ကောလင်း)