ကော့ကရိတ်မြို့နယ်အတွင်းရှိ အသက် (၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေး ဒုတိယနေ့ ဆက်လက်ထိုးနှံပေး

ကော့ကရိတ် အောက်တိုဘာ ၁၈

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား၊  ကျောင်းသူများအား  ပထမအကြိမ် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေး ဒုတိယနေ့ ထိုးနှံခြင်းကို ယနေ့ နံနက် ၈နာရီက ဆေးထိုးစုရပ်များ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။  

 

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကော့ကရိတ်မြို့နယ် အတွင်း ရပ်ကွက် / ကျေးရွာများရှိ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းအပ်နှံထားပြီးသူ အသက် (၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

အလားတူ ယမန်နေ့ကလည်း ဆေးထိုးစုရပ်များဖြစ်သည့် အထက (၁)၊ အထက (၂) ၊ အထက (တောင်ပေါ်ရပ်) ၊ အထက (ခွဲ) လှိုင်ဝ၊ အထက (နဘူး) ၊ အထက (ကော့ဘိန်း) နှင့် အထက (ခွဲ) ကော့ဘိန်းတို့၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းအပ်နှံထားပြီးသူ အသက် (၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၁၂၆)ဦးတို့အား ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ ပြီး၊ ကော့ကရိတ်မြို့နယ်အတွင်း  အခြေခံပညာကျောင်း (၇၄)ကျောင်းနှင့် ဘကကျောင်းတို့ရှိ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းအပ်နှံထားပြီးသော အသက် (၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၃၆၄)ဦးတို့အား ကာကွယ်ဆေးများ ထိုးနှံပေးသွာမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပထမအကြိမ် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို အောက်တိုဘာ ၁၇ရက်နေ့မှ ၁၉ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

စောအောင်မျိုးလွင် (ပြန် / ဆက်)