ဟွာဝေးရဲ့ NOVA စီးရီးထဲက နောက်ဆုံးထွက် စမတ်ဖုန်းသစ် Nova 7SE

ဟွာဝေး Nova TSE ဟာ ဟွာဝေးရဲ့ တန်ဖိုးမြင့် ဖုန်းစီးရီး တစ်ခုဖြစ်တဲ့ Nova Series ထဲက နောက်ဆုံးထွက်ထားတဲ့ Nova 7 ရဲ့ မော်ဒယ်အခွဲတစ်ခုဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဈေးကွက်ထဲကို ဝင်မလာသေးဘဲ အကြိုမှာယူမှုတွေ လက်ခံနေပြီဖြစ်ပြီး လကုန်ပိုင်းလောက်မှာ ပြည်တွင်းကို စတင်aရောက်ရှိလာမယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

မျက်နှာပြင် အရွယ်အစားက ၆ ဒသမ ၅ လက်မရှိပြီး Screen အမျိုးအစားက LCD ဖြစ်ပါတယ်။ resolution က 1080 x 2400 pixels ရှိလို့ full HD+ ဖြစ်ပြီး ရုပ်ထွက်အရည်အသွေး ကောင်းမွန်ပါတယ်။ ကွန်ရက်ချိတ်ဆက်မှုအနေနဲ့ GSM ဆင်းကတ်နှစ်ကတ် အသုံးပြုနိုင်ပြီး ဒေတာကွန်ရက်အတွက်ကတော့ 5G ကို ထောက်ပံ့ပေးထားပါတယ်။

အန်းဒရွိုက်ဗားရှင်းအနေနဲ့ Android 10 ကို ဟွာဝေးရဲ့ UI ဖြစ်တဲ့ EMUI 10.1 နဲ့ တွဲပြီး အသုံးပြုထားပါတယ်။ ဟွာဝေး UI ဖြစ်တာကြောင့် Google Play Services တွေကို အသုံးမပြုနိုင်တာကတော့ အားနည်းချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ Chipset အနေနဲ့ Kirin 820 5G (7hm) ကို အသုံးပြုထားပြီး CPU ကလည်း Cortex-A76 နဲ့ Cortex-A55 တွေ ပါဝင်တဲ့ octa-core CPU ဖြစ်လို့ စွမ်းဆောင်ရည်ပိုင်း အထူးကောင်းမွန်ပါတယ်။ RAM နဲ့ အင်တာနယ်မင်မိုရီပိုင်းမှာတော့ နိုင်ငံတကာဈေးကွက်မှာ 8 GB/ 128 GB နဲ့ 8 GB/ 256 GB လို့ နှစ်မျိုးထွက်ထားပြီး ပြည်တွင်းမှာ လက်ရှိအကြိုမှာယူမှုကတော့ 8 GB/128 GB ကိုပဲ လက်ခံနေသေးတာ တွေ့ရပါတယ်။ မင်မိုရီကတ်ကို 256 GB အထိ အသုံးပြုနိုင်ဖို့ ထောက်ပံ့ထားပေမယ့် သီးသန့်အပေါက် မပါတာကြောင့် မင်မိုရီကတ်သုံးမယ်ဆိုရင် ဆင်းကတ်တစ်ကတ်ပဲ သုံးနိုင်မှာဖြစ်ပါတယ်။

ဟွာဝေးရဲ့ Nova စီးရီးထဲက ဖုန်းတိုင်းဟာ ကင်မရာပိုင်း ကောင်းမွန်တာကြောင့် ဒီဖုန်းရဲ့ ကင်မရာပိုင်းကလည်း အရည်အသွေး အတော်ကို ကောင်းမွန်ပါတယ်။ နောက်ကင်မရာဟာ ၆၄ မဂ္ဂါပစ်ဇယ်ရှိတဲ့ ပင်မကင်မရာနဲ့အတူ ၈ မဂ္ဂါပစ်ဇယ် (ultrawide) ကင်မရာ၊ ၂ မဂ္ဂါပစ်ဇယ်(macro) ကင်မရာနဲ့ ၂ မဂ္ဂါပစ်ဇယ် (depth) ကင်မရာတွေ ပါဝင်တဲ့ Quad Cam ဖြစ်ပြီး ဗီဒီယိုတွေကို 4K အရည်အသွေးနဲ့ ရိုက်နိုင်ပါတယ်။ ရှေ့ဘက်က ဆယ်လ်ဖီကင်မရာကလည်း ၁၆ မဂ္ဂါပစ်ဇယ်အရည်အသွေးရှိတာကြောင့် စွမ်းဆောင်ရည်ကောင်းမွန်ပြီး စခရင်ထဲမှာ အပေါက်ဖောက်ထည့်ထားတဲ့ Punch-hole ဒီဇိုင်း ဖြစ်ပါတယ်။

ဘက်ထရီပိုင်းမှာဆိုရင် 4000 mAh Li-Po ဘက်ထရီ ပါဝင်လို့ ပမာဏနည်းတယ်လို့ ဆိုနိုင်ပေမယ့် 40 W နှုန်းနဲ့ အလျင်အမြန် အားသွင်းနိုင်မယ့် Fast Charging စနစ် ပါဝင်ပါတယ်။ USB ချိတ်ဆက်မှုက 2.0 ဖြစ်ပြီး Type-C 1.0 reversible connector အမျိုးအစားဖြစ်ပါတယ်။ On-The-Go စနစ်ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ Fingerprint ကတော့ ကိုယ်ထည်နောက်ဘက်မှာ မဟုတ်တော့ဘဲ ဘေးဘက်ပါဝါခလုတ်နေရာမှာ ပါဝင်လာပါတယ်။

လက်ရှိအချိန်မှာ ဖုန်းဆိုင်အချို့မှာ အကြိုမှာယူမှုတွေ လက်ခံနေပြီး ကိုယ်ထည်အရောင်တွေအနေနဲ့ ခရမ်းရောင်၊ အစိမ်းရောင်၊ အဖြူရောင်နဲ့ အနက်ရောင် လေးမျိုး ရရှိနိုင်ပါတယ်။ အကြိုမှာယူထားသူတွေအနေနဲ့ လကုန်ပိုင်းမှာ Hwawieband လက်ဆောင်နဲ့အတူ ဖုန်းကို ရရှိနိုင်မှာဖြစ်ပြီး ဈေးနှုန်းက ကျပ်ငါးသိန်းဝန်းကျင် ရှိနိုင်တယ်လို့ သိရပါတယ်။

သူရဖြိုး