ဂရုတစိုက် ဆက်လက်လိုက်နာ

ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။ တစ်ဖက်တွင်လည်း ကိုဗစ်- ၁၉ ကူးစက်ရောဂါ ကူးစက်ပျံ့နှံ့မှုအရှိန်အဟုန် လျော့နည်းလာသည့် လက္ခဏာများကို တွေ့ရသည်။ မီဒီယာများတွင် တွေ့ရသည့် ကိန်းဂဏန်းများအရ ယင်းသို့ ခန့်မှန်းခြင်းဖြစ်သော်လည်း အမှန် နှင့် မည်မျှနီးစပ်မည်ကို မသိနိုင်။ လက်ရှိအခြေအနေတွင်မူ အတည်ပြုနိုင်သည့် ပိုးတွေ့သူ တစ်သိန်းလေးသောင်းကျော်ရှိပြီး ရောဂါကြောင့်သေဆုံးသူ သုံးထောင်ကျော်ရှိနေကာ နေ့စဉ်ဆယ်ဂဏန်းအရေ အတွက်နှင့် တိုးတက်နေလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ထိုးနှံပေးနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ဒ်တက္ကသိုလ်နှင့် အက်စ်ထရာဇနီကာ တို့ ပူးပေါင်းထုတ်လုပ်ထားသည့် ဆေးဖြစ်ပြီး အိန္ဒိယနိုင်ငံက တစ်ဆင့်ခံလိုင်စင်ယူကာ covSHIELD အမည်ဖြင့် ထုတ်လုပ်လိုက်သည့် ဆေးဖြစ်သည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးများမှာ အခြား ပုံမှန် ကာကွယ်ဆေးများနှင့် နှိုင်းယှဉ်ပါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အပြည့်အဝ ထောက်ခံချက်မရရှိသေးသဖြင့် စိုးရိမ်မှုများလည်း ရှိကြ သည်။ ကာကွယ်ဆေးများ၏ အရည်အသွေးအာနိသင်များနှင့် စပ်လျဉ်း၍ ဘက်ပေါင်းစုံမှ လိုအပ်သော စမ်းသပ်ချက်များကို ပြုလုပ် မှုများ ပြီးပြည့်စုံခြင်း မရှိသေးသည့်အတွက်ကြောင့် ဖြစ်သည်။ သို့ရာတွင် ကာကွယ်ဆေးထုတ်လုပ်ရာတွင် လိုက်နာရမည့်စံသတ်မှတ် ချက်များအတိုင်း ထုတ်လုပ်ထားပြီး ကာကွယ်ဆေးများ၏ အစွမ်းထက်မှုနှင့် ဘေးကင်းမှုတို့အတွက် စစ်ဆေးမှုများပြုလုပ်ကာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ အရေးပေါ်အသုံးပြုရန် ခွင့်ပြုချက်များကိုရထားသည့် ကာကွယ်ဆေးများကို အသုံးပြုထိုးနှံပေးနေကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ထိုးပေးနေသည့် အိန္ဒိယနိုင်ငံထုတ် COVI-SHIELD ကာကွယ်ဆေးမှာ သာမန်တုပ်ကွေးဗိုင်းရပ်စ်၏ မျိုးဗီဇနှင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်၏ မျိုးဗီဇဗိုင်းရပ်စ်အစိတ်အပိုင်းတို့ကို ပေါင်းစပ် တီထွင်ထားသည့် ကိုရိုနာဗိုင်းရပ်စ်အတုပင်ဖြစ်သည်။ ဆေးထိုးခံသည့် လူကိုဒုက္ခပေးနိုင်သည့် ဗိုင်းရပ်စ်မဟုတ်သော ပုံစံတူ ကိုရိုနာဗိုင်းရပ်စ် ကို လူ့ခန္ဓာကိုယ်တွင်ရှိနေသော ကိုယ်ခံအားက မှတ်သားပြီး တိုက် ထုတ်ပေးခြင်းအားဖြင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးအစစ် လူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့်အချိန်တွင် ပြန်လည်တိုက်ထုတ်ရန် အဆင်သင့် ဖြစ်နေမည်ဖြစ်သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းတွင်ကျန်းမာ ရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၊ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးနှင့်အထက် နိုင်ငံ့ဝန်ထမ်းအချို့၊ Stay at Home မြို့နယ်များရှိ အသက် ၆၅ နှစ်နှင့်အထက်ရှိ ပြည်သူများတို့ကို ထိုးနှံပေးလျက်ရှိပြီး ကျေးလက်နေပြည်သူများအထိ အစီအစဉ်များအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဟု၍လည်း သိရသည်။ ယခုနှစ်အတွင်း နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ကို ထိုးနှံပေးနိုင်မည်ဟူ၍ ခန့်မှန်းထားပြီး နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းအထိ ထိုးနှံပေး နိုင်ပြီးမှသာ ကာကွယ်ဆေးလွှမ်းခြုံသည်ဟု ဆိုနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ ၂ဝ၂၂ ခုနှစ်သို့ ရောက်မှသာ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံနိုင်မည်ဖြစ်သည်။

အထူးဂရုပြုလိုက်နာကြရမည့်အချက်မှာ ကာကွယ်ဆေးမထိုး ရသေးသူများသာမက ကာကွယ်ဆေးပထမအကျော့ထိုးပြီးသူများ အပါအဝင် ကိုဗစ်-၁၉ ကူးစက်မှု ကာကွယ်တားဆီးနိုင်ရေးအတွက် ချမှတ်ထားသည့် အချက်အလက်များကို ဆက်လက်ကျင့်သုံးကြရန် ပင်ဖြစ်သည်။ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်ကို ခဏ ခဏဆေးကြောခြင်း၊ လူစုလူဝေးရှိရာကို ရှောင်ရှားခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ဆက်ဆံခြင်းဟူသော အခြေခံအချက်များကို ဆက်လက်ကျင့်သုံးကြခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါကိုသာမက အခြားသောရောဂါ အများအပြားတို့ကိုလည်း ကူးစက်မခံရအောင် ကာကွယ်နိုင်ကြမည်ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း