ဂျပန်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ၏ စစ်ဘက်ဆိုင်ရာ ကုန်ကျစရိတ်ကို မျှဝေကျခံရန် နှစ်နိုင်ငံအကြား သဘောတူညီချက် ရနိုင်ဖွယ်ရှိ

တိုကျို ၁၁ ဖေဖော်ဝါရီ 

ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံအစိုးရတို့သည် ဂျပန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များ၏စစ်ဘက်ဆိုင်ရာ ကုန်ကျစရိတ် များကို ဂျပန်နိုင်ငံမှ မျှဝေကျခံမှုနှင့် စပ်လျဉ်း၍ လာမည့်သီတင်းပတ်အတွင်း ဆွေးနွေးသွားမည်ဖြစ်ရာ နှစ်နိုင်ငံအကြား သဘောတူညီချက်ရနိုင်ဖွယ်ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် သမ္မတရာထူးတာဝန် ထမ်းဆောင်စဉ်က ဂျပန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များ ၏ စစ်ဘက်ဆိုင်ရာ ကုန်ကျစရိတ်များကို ဂျပန်နိုင်ငံမှ မျှဝေကျခံမှုနှင့် စပ်လျဉ်း၍ သဘောတူညီမှုမရရှိခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ဂျပန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များ၏ စစ်ဘက်ဆိုင်ရာ ကုန်ကျစရိတ်များနှင့် စပ်လျဉ်း၍ ငါးနှစ် တစ်ကြိမ် သဘောတူညီချက်တစ်ရပ် ရယူခဲ့ခြင်းဖြစ်ပြီး လက်ရှိချုပ်ဆိုထားသည့် စာချုပ်သည် မတ်လအတွင်း သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်းလည်း သိရသည်။

နှစ်နိုင်ငံအစိုးရများသည် ဧပြီလတွင်စတင်မည့် ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးနှစ်ကာလအတွင်း ဂျပန်နိုင်ငံက အမေရိကန်တပ်ဖွဲ့ဝင်များ၏ စစ်ဘက်ဆိုင်ရာကုန်ကျစရိတ် မျှဝေကျခံမည့် အထောက်အပံ့ကို သဘောတူညီသွားဖွယ် ရှိကြောင်းလည်း သိရသည်။

အဆိုပါ သဘောတူညီချက်ဆိုင်ရာ ဆွေးနွေးပွဲ အောင်မြင်ခဲ့ပါက ဂျပန်နိုင်ငံအနေဖြင့် ယခုလကုန်ပိုင်းတွင် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးသွားရန် မျှော်လင့်ရပြီး မတ်လကုန်ပိုင်းတွင် အတည်ပြုချက်ရရှိရေး ဂျပန်ဥပဒေပြုလွှတ်တော်သို့ တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

 ဘာသာပြန် - အလင်းသစ်