ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ် လာမည့်တစ်ပတ်အတွင်း စတင်မည်ဟု ဝန်ကြီးချုပ် ဆူဂါပြောကြား

တိုကျို ၁၁ ဖေဖော်ဝါရီ

ဂျပန်နိုင်ငံအစိုးရသည် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို လာမည့်တစ်ပတ်အတွင်း စတင်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဝန်ကြီးချုပ် ဆူဂါက ဖေဖော်ဝါရီ ၁၀ ရက်နေ့က ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံဝန်ကြီးချုပ် ဆူဂါသည် လက်ရှိအာဏာရပါတီနှင့် အစိုးရအဖွဲ့ အစည်းများမှ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၉ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးတစ်ရပ်တွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို အာနိသင်ထိရောက်မှုနှင့် ဘေးကင်းလုံခြုံမှုရှိကြောင်း အတည်ပြုထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဖြင့် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အဆိုပါ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်တွင် ဒေသဆိုင်ရာ အစိုးရများ၊ ဆရာဝန်များနှင့် သူနာပြုများ၏ ပူးပေါင်းဆောင်ရွက်မှုသည်လည်း မရှိမဖြစ်လိုအပ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆူဂါက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များကိုလည်း ဖေဖော်ဝါရီ ၁၂ ရက် တွင်ပြောင်းလဲမှုတချို့ ပြုလုပ်သွားရန် ဂျပန်နိုင်ငံအစိုးရက စီစဉ်လျက်ရှိကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး ကာတိုကတ်ဆူနိုဘူက ထုတ်ဖော်ပြောကြားခဲ့သည်။

ကိုးကား- အင်န်အိတ်ချ်ကေ၊

ဘာသာပြန်- အလင်းသစ်