ဒုဋ္ဌဝတီမြစ်ရိုးတစ်လျှောက်တွင် သံပရာခြံ စီးပွားဖြစ်စိုက်ပျိုးသူများ

မန္တလေး ၂၈ ဇန်နဝါရီ

မန္တလေးမြို့ အမရပူရမြို့နယ်အတွင်း ဒုဋ္ဌဝတီမြစ်ရိုးတစ်လျှောက်တွင် သံပရာခြံများကို စီးပွားဖြစ်စိုက်ပျိုးလာရာ သံပရာသီးဈေးကောင်း၍ အစဉ်ပြေလျက်ရှိကြောင်း သိရသည်။ လက်ရှိကာလတွင် သံပရိုသီးတစ်လုံးလျှင် ငွေကျပ် ၃၀ မှ ၄၀ ကျပ်၊ ဗမာသံပရာသီးတစ်လုံးလျှင် ငွေကျပ် ၁၇၀ မှ ၈၀ ကျပ်နှုန်းဖြင့် ရောင်းချကြရသည်။ အများစုမှာ မန္တလေးမြို့သို့ တင်ပို့ရောင်းချကြသည်။ သံပရာပွဲစားများမှ သံပရာခြံများကို နှစ်ပြတ်ဖြင့် ဝယ်ယူမှုများပြားလာကြောင်း သံပရာခြံများကို စီးပွားဖြစ်စိုက်ပျိုးသူတစ်ဦးက ပြောပြသည်။

သံပရာပင် စိုက်ပျိုးရာတွင် ဒေသအခေါ် သံပရိုပင်၊ ဗမာသံပရာပင်၊ မုံရွာမျိုးသံပရာပင်ဟူ၍ သုံးမျိုးစိုက်ပျိုးကြသည်။ သံပရိုပင်မှာ တစ်နှစ်ပတ်လုံး အသီးသီးပြီး ပုံမှန်ဈေးသာရရှိသည်။ အခြားသံပရာနှစ်မျိုးမှာ ရာသီအလိုက်သီးပြီး ဈေးနှုန်းကောင်းမွန်ကြောင်း သိရသည်။

သံပရာပင်စိုက်ပျိုးရာတွင် မူလသံပရာပင်ကိုင်းကို ဓါးဖြင့်ထစ်ကာ ရွှံ့လုံးများပတ်ကာ မျိုးပွားကြရသည်။ စတင်ရွှံ့ကပ်သည်မှစ၍ တစ်လခန့်တွင် အမြစ်ထွက်ကာ စိုက်ပျိုးရနိုင်သည့် အနေအထားရောက်ရှိသည်။ စိုက်ပျိုးရာတွင် မြေကောင်းပါက ခုနစ်တာင်ခန့် အကွာအဝေးထားကာ စိုက်ပျိုးရသည်။ စတင်စိုက်ပျိုးသည့်အချိန်မှစကာ ရေတင်ခြင်း၊ ပေါင်းပေါက်ခြင်းများကို စနစ်တကျ ပြုလုပ်ပေးရသည်။ သံပရာခြံများမှာ မိုးတွင်းကာလတွင် ရေပေးခြင်းမပြုဘဲ ဆောင်းတွင်းကာလနှင့် နွေရာသီတွင် ရေအများဆုံးတင်ပေးရသည်။

မြေပေါ်စတင်စိုက်ပျိုးပြီး နှစ်နှစ်ခန့်တွင် သံပရာသီးစတင်သီးသည်။ သံပရိုပင်များမှာ တစ်နှစ်ပတ်လုံးသီးကြသည်။ ပြုစုယုယမှုပေါ်မူတည်ကာ အသီးအနည်းအများ ကွာခြားသွားတတ်သည်။ လက်ရှိကာလတွင် သံပရိုသီးတစ်လုံးလျှင် ငွေကျပ် ၅၀ မှ ၇၀ ကျပ်၊ သံပရာသီးတစ်လုံးလျှင် ငွေကျပ် ၁၅၀ နှုန်းဖြင့် ရောင်းချကြရသည်။

သံပရာပွဲစားများမှာ သံပရာခြံများကို နှစ်ပြတ်ဖြင့်ဝယ်ယူလျက်ရှိရာ တစ်နှစ်လျှင် ငွေကျပ် သိန်း ၄၀ ကျော်ဖြင့် နှစ်နှစ်စာ သိန်း ၈၀ ကျော်ဖြင့် သံပရာသီးကို ခြံပြတ်ရောင်းချသည်လည်း ရှိသည်။ လက်ရှိကာလတွင် အမရပူရမြို့နယ် ရွှေစာရံ၊ မုံတောနှင့် ဒုဋ္ဌဝတီမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများတွင် သံပရာပင်များကို စီးပွားဖြစ်စိုက်ပျိုးမှုများလာကြောင်း သိရသည်။

တိမ်တမန်