နေပြည်တော် မတ် ၂၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ် ကျော်သည် ယမန်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ကျောင်းဆောင်ကျေးရွာအနီး စလေးချောင်း မြေအောက်တမံ ဆောင်ရွက်နေမှုကို လည်းကောင်း၊ မြို့သစ်မြို့နယ် လေးတိုင်စင်ကျေးရွာအနီး ပေါင်းကူးချောင်း မြေအောက် တမံနှင့် နတ်ရွာကျေးရွာအနီး ဆည်ရိုးချောင်း မြေအောက်တမံ ဆောင်ရွက်နေမှုကို လည်းကောင်း ကြည့်ရှု စစ်ဆေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျွန်းခင်းကြီး ရေလှောင်တမံနှင့် ဆက်စပ်အဆောက်အအုံများ တည်ဆောက်အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ကြက်မောက် တောင်ရေသောက်စနစ်ရှိ လက်ဝဲမြောင်း မြောင်းပေါင်ကြံ့ခိုင်လုံခြုံမှုရှိစေရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ လက်ဝဲမြောင်း ရေသောက်စနစ်တွင် ကုန်းမြင့်လယ်ယာမြေအား ဆိုလာရေတင်စနစ်ဖြင့် ရေပေးဝေခြင်း လုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ဆိုလာစနစ်ဖြင့် ရေတင်ပြီး စိုက်ပျိုးခြင်းဖြင့် ကုန်ကျစရိတ် သက်သာစေသောကြောင့် သီးနှံများ ယခင်ကထက်ပိုမို တိုးချဲ့စိုက်ပျိုးကြရန်နှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီအောင် စိုက်ပျိုးကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။
ယင်းနောက် မိတ္ထီလာမြို့ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာန အောက်ရှိ ခရိုင်ဦးစီးမှူးများနှင့်တွေ့ဆုံပြီး မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြေရေး၊ သီးနှံပုံစံအလိုက် စိုက်ပျိုးရေလိုအပ်ချက် အတိုင်းအပြည့်အဝပေးဝေနိုင်ရေး၊ သီးထပ်စွမ်းအားတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။
ယနေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့နယ် တောမအုပ်စု ဥယျာဉ် ကျေးရွာရှိ မိတ္ထီလာတောင်ကန် ဥယျာဉ်မြောင်း ရေသောက်စနစ်အတွင်း နွေနှမ်း (ဆင်းရတနာ-၃)မျိုးကို ပေါင်ကြီးတင်စနစ်ဖြင့် တောင်သူများ စံပြစိုက်ခင်း စိုက်ပျိုးထားရှိမှု၊ မိတ္ထီလာမြို့နယ် ကွက်ငယ်ကျေးရွာတွင် နွေစပါး (ဆင်းသုခ) မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပိုးမွှားရောဂါကျရောက်မှု ကာကွယ်နိုင်ရေး အလေးထားဆောင်ရွက် ကြရန်နှင့် လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)