ဒုတိယအကြိမ်ကယားပြည်နယ်လွှတ်တော် (၂၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)  ဆောင်ရွက် 

လွိုင်ကော် ၊ ၂၆ ဇန်နဝါရီ

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို ဇန်နဝါရီ   ၂၆ ရက်  နံနက်(၁၀)နာရီက ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ 

ရှေးဦးစွာ ‌‌မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်တွင် မယ်စဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး က “ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း၌ ပုံစံ(၇)ရရှိပြီး ဖြစ်သည့် အချို့သော ယာမြေများနှင့် လယ်ယာမြေများမှာ လယ်ယာမြေစည်းကမ်းချက်များနှင့်အညီမလုပ်ကိုင် ဘဲ အကွက်ရိုက်ရောင်းချနေမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မည်ကဲ့သို့ အရေးယူဆောင်ရွက် ပေးမည်ကို သိရှိလိုခြင်း” မေးခွန်းအားမေးမြန်းရာ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော် က လွိုင်ကော်ခရိုင် အတွင်း လယ်ယာမြေများအား ခွင့်ပြုချက်မရှိဘဲ အကွက်ရိုက်ရောင်းချမှု ၊ ကျူးကျော်နေထိုင်မှုတွေ အပေါ် သတိပေးဆိုင်းဘုတ်တွေ ၊ တားမြစ်စာတွေထုတ်ပြန်ပြီး သတ်မှတ်ထားတဲ့ ရက်မတိုင်ခင် ခြံစည်းရိုးတိုင်တွေဖြုတ်ခြင်း ၊ နေအိမ်ဆောက်လုပ်မှုများဖျက်သိမ်းခြင်း မရှိဘူးဆိုရင်လယ်ယာ မြေဉပဒေ ပုဒ်မှတ် (၉) အရ လယ်ယာမြေ နည်းဉပဒေ များနှင့်အညီ စုံစမ်းစစ်ဆေးပြီး ဉပဒေအရ အရေးယူခြင်းများ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ဆက်လက်၍ “လွိုင်ကော်မြို့နယ်၊ နမ့်ဘော်ဝမ်(က)ရပ်ကွက်နှင့် တစ်ဆက်တစ်စပ်တည်းရှိသော မြေနေရာလွတ်များ၌ အကွက်ရိုက်ရောင်းချနေခြင်း၊ အိမ်များဆောက်လုပ်နေခြင်းတို့အား တည်ဆဲမြေယာ ဥပဒေများနှင့်အညီ စိစစ်ကြပ်မတ်၍ တိုးချဲ့ရပ်ကွက်အဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/ မရှိ သိရှိလိုခြင်း” မေးခွန်း အားမေးမြန်ရာ  ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ခရိုင်လယ်ယာမြေစံမံခန့်ခွဲမှုကော်မတီမှ စိစစ်အတည်ပြုပြီး ပြည်နယ်အစိုးရ အဖွဲ့သို့ တင်ပြဆောင်ရွက် ထားပြီးဖြစ်သည့်အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ဆက်လက်ပြီး “ကယားပြည်နယ်၊ လွိုင်ကော်မြို့တော်၊ လွိုင်ကော်မြို့၌  သီရိမင်္ဂလာ တောင်စျေးအား အဆင့်မြင့်နှစ်ထပ်စျေးအဖြစ် အဆင့်မြှင့်တင်၍ ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း”မေးခွန်း အားမေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး က သီရိမင်္ဂလာ တောင်စျေးအား အဆင့်မြင့်နှစ်ထပ် စျေးအဖြစ်အဆင့်မြှင့်တင်၍ ပြန်လည်တည်ဆောက်ပေးရန်အတွက် ဈေးသူဈေးသား များ၏ ဆန္ဒသဘောထား ရယူခဲ့ရာမှာ ဈေးသူဈေးသားများအနေဖြင့် ဈေးအဆင့်မြင့် တည်ဆောက်ရန် ဆန္ဒသဘော ထားမရှိသည့်အတွက် တည်ဆောက်ရန် အစီအစဉ်မရှိကြောင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ဆက်လက်၍ လွိုင်ကော်မြို့ပေါ် ရေပေးဝေရေးလုပ်ငန်းအား ထိထိ ရောက်ရောက် ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုခြင်း မေးခွန်း၊ နှင့် ပြည်နယ်စည်ပင် သာယာရေးဥပဒေအသစ်အား အတည်ပြုပြီးဖြစ်၍ ပြည်နယ်စည်ပင်သာယာရေးကော်မတီနှင့် လွိုင်ကော်မြို့နယ် စည်ပင် သာယာရေးကော်မတီ အဆောက် အဦများအား အမြန်ဆုံး တည်ဆောက် ပေးရန် အစီအစဉ် ရှိ/ မရှိ မေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီး က ဘဏ္ဍာရေးနှစ်အလိုက်လျာထားပြီး ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ထို့နောက်    ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်း ၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး က ပြည်နယ်လွှတ်တော်သို့ တင်သွင်းခြင်းခဲ့ပြီး ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေး ကော်မတီမှ အစီရင်ခံစာဖတ်ကြား ရှင်းလင်းတင်ပြခြင်းနှင့် အကြံပြုဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဉက္ကဌမှ ကြေညာခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ကယားပြည်နယ်၏ အသေးစားငွေချေးလုပ်ငန်းဥပဒေကြမ်းနှင့် စပ်လျဉ်း ၍ပြင်ဆင်ချက် အဆိုကိုပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးက ပြည်နယ်လွှတ်တော် သို့ တင်သွင်းခြင်း၊ ၎င်းဥပဒေ ကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်းကို ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အစည်းအဝေးသို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၁)ဦး၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃) ဦး၊ ဗမာတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်း (၁၅)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

အောင်ထွန်းလေး (ပြန်/ဆက်)