ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကျင်းပ

လွိုင်ကော်၊  ၂၄  ဒီဇင်ဘာ

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီက ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် သုံးဦး၊ ဗမာတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး စုစုပေါင်း ၁၇ ဦး တက်ရောက်ကြသည်။

အစည်းအဝေးတွင် မယ်စဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက “ကယားပြည်နယ်အတွင်း ဓာတ်မြေသြဇာရောင်းချမှုများနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့မှ မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိရှိလိုခြင်း” မေးခွန်းနှင့် “ကယားပြည်နယ် လွိုင်ကော်မြို့အတွင်းရှိ ဖြတ်သန်းစီးဆင်း လျက်ရှိသော ဘီလူးချောင်း ရေရှည်တည်တံ့ သာယာလှပစေရေးအတွက် စီမံခန့်ခွဲမှုကို မည်သည့်စံချိန်စံညွှန်း များဖြင့် ထိန်းသိမ်းဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း” မေးခွန်းတို့ကို မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးက ပြန်လည်ရှင်းလင်း ဖြေကြားသည်။ 

ဆက်လက်ပြီး “ကယားပြည်နယ်၊ မယ်စဲမြို့နယ်၊ ခုံးန်ဟန့်စံပြကျေးရွာ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအဆို”နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးရန် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့သော် လည်း အမည်စာရင်းတင်သွင်းထားခြင်း မရှိသည့်အတွက် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူ ဆောင်ရွက်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက သဘောတူသည့်အတွက် ၎င်းအဆိုအား အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် “၂၀၂၀ ပြည့်နှစ်၊ ကယားပြည်နယ် စည်ပင်သာယာရေးဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးရန် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့သော်လည်း အမည်စာရင်း တင်သွင်းထားခြင်းမရှိသည့်အတွက် ဤဥပဒေကြမ်းကို ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်ချက် အစီရင်ခံစာနှင့်အညီ ပြည်နယ်လွှတ်တော်တွင်‌ အတည်ပြု‌ကြောင်း ကြေညာသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)